တိုင်းဒေသကြီးဝန်ကြီးချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကြိမ်၊ ဝါး၊ ‌ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ဦးဆောင်မှုဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေလုပ်ငန်း(MSME)ကြိမ်၊ ဝါး၊ ဗေဒါလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။ 

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကြိမ်၊ ဝါး၊ ‌ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားအား အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းေဒသကြီးတွင်ကြိမ်၊ ဝါး၊ ‌ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းများကို အရည်အသွေးရှိရှိ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းသာမက ပြည်ပအထိတင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ကြိမ်၊ ဝါး၊ ‌ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းများကို အခြေခံ၍ MSME ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ဈေးရောင်းပွဲတော် ပြုလုပ်ရန်စီစဉ်ဆောင်ရွက်ခဲ့ပြီး ဇုန်အလိုက်ပြသဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ခရီးသွားဝင်ရောက်မှုအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၁၁)သိန်းခွဲကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ  ခရီးသွားလုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရှာဖွေပေးနေသည့် မီးခိုးမထွက်သည့် စက်ရုံများဖြစ်ပါကြောင်းနှင့်  ကမ်းခြေခရီးသွားလုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်မှလည်း ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲတော်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည်  ဝါဝါဝင်းစိုက်ပျိုးေမွးမြူရေးကုမ္ပဏီမှပြသထားသည့် နွားနို့၊ ဒိန်ချဉ် ငါးဆီ၊ ပိုးရည် စသည့်ပစ္စည်း(၉)မျိုးအားလည်းကောင်း၊ ပုသိမ်ခရိုင်မှပြသထားသည့် ပုသိမ်ထီး၊ ဟာလဝါ၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ပဲငါးပိ၊ ကိတ်၊ ပုစွန်၊ ငါးပိ၊ ငါးခြောက် အစရှိသည့်ထုတ်ကုန်ပစ္စည်း(၆၆ )မျိုးအားလည်းကောင်း၊ ဟင်္သာတခရိုင်မှပြသထားသည့် ကြက်အူချောင်း၊ ဝက်အူချောင်း၊ မုန့်ဟင်းခါးအနှစ်၊ မရွေး၊ ဘာလချောင်ကြော်၊ ပဲဆီ၊ ကြိမ်ထည်ပစ္စည်း၊ သင်ဖြူးဖျာ စသည့်ပစ္စည်း(၂၁)မျိုးတို့ကိုလည်းကောင်း၊ မြန်အောင်ခရိုင်မှပြသထားသည့် ထမင်းထုပ်၊ ထမင်းဘူး၊ ပဲလှော်၊ ငှက်ပျောခြောက်၊ ပဲဆီ၊ ကရေကရာ၊ မြေပဲယို၊ နှမ်းယို စသည့်ပစ္စည်း(၂၅)မျိုးအားလည်းကောင်း၊ မြောင်းမြခရိုင်မှပြထားသည့် ကြာဆန်၊ မရွေး၊ ငရုတ်ကောင်း၊ ကပ်စေးနှဲ၊ ငံပြာရည်ကြော်၊ ငါးပိထောင်း စသည့်ကုန်ပစ္စည်းများ(၁၅)မျိုးအားလည်းကောင်း၊ ကျုံပျော်ခရိုင်မှပြသထားသည့် ကြိမ်ထည်ပစ္စည်းများဖြင့်ပြုလုပ်သည့် စားပွဲအစုံ၊ ဆက်တီအစုံ၊ ဆုံလည်ကုလားထိုင်၊ ပိုက်ဆံအိတ်၊ လက်ဆွဲခြင်း စသည့် ပစ္စည်း(၆၁)မျိုးအားလည်းကောင်း၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှပြသထားသည့် ငှက်ပျော်ချည်နှင့်ယက်လုပ်သည့် အသုံး အဆောင်ပစ္စည်း(၄၄)မျိုးအားလည်းကောင်း၊ မအူပင်ခရိုင်မှပြသထားသည့် ပဲမုန့်၊ ဖရုံမုန့်၊ ကိတ်မုန့်၊ ငှက်ပျောကြော်၊ မရွေး၊ သင်ဖြူးဖျာ၊ ဖော့ဖျာစသည့်ပစ္စည်း(၂၉)မျိုးအားလည်းကောင်း၊ ဖျာပုံခရိုင်မှပြသထားသည့် ငါးရံ့ခြောက်၊ ငါးနှပ်ခြောက်၊ မျှင်ငါးပိ၊ ပုစွန်ခြောက်၊ မျှင်ငါးပိ စသည့်ပစ္စည်း(၅)မျိုးအားလည်းကောင်း၊ လပွတ္တာခရိုင်မှပြသထားသည့် ပုစွန်ချဉ်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ဂဏန်းပျော့၊ ဆား၊ ဆန်၊ လောင်စာတောင့်စသည့်ပစ္စည်း(၂၇ ) မျိုးအားလည်းကောင်း၊ Global Earth Agro & Aqua Industry Public Co., Ltdမှပြသထားသည့် ငါးတန်ငါး၊ ငါးအရေခွံကြော်၊ အသင့်စားဟင်းလျာစသည့်ပစ္စည်း(၇)မျိုးအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကြိမ်၊ ဝါး၊ ‌ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယခုလ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ ၂ရက်တိုင်တိုင်ကျင်းပပြုလုပ်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရသည်။

15-Oct-2023