ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တိုင်းရင်းဆေးရုံဝန်းအတွင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာတန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဖန်းခါးကွင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာရှိ တောင်သူဦး မျိုးမြင့်၏ လယ် မြေတွင် ပြုလုပ်သည့် ( မှော်ဘီ-၃ )မျိုးစပါး (၉)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက (၁၀)တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုး မျိုးစပါးများပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက်ဆောင်ရွက် သွားကြရန်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ တောင်သူဦးမျိုးမြင့်၏ လယ်မြေတွင်(မှော်ဘီ -၃ )မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာတစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း( ၁၂၇) တင်းထွက်ရှိခဲ့ကြောင်းသိရသည်။