တိုင်းဒေသကြီးဝန်ကြီးချုပ် ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး "ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်း" ဧက (၂၀၀) စံပြစိုက်ခင်းအားကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ရေကြည်မြို့နယ်အတွင်းရှိ ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း နေမှုများနှင့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပန်းပုကွင်း ကျေးရွာရှိ တောင်သူဦးကျော်ဝင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့်   ပီလောပီနံစိုက်ခင်း (၁၅)ဧကတွင် မြေပုံစနစ်ဖြင့် စိုက်ပျိုးထားသည့် (၄)လသက်တမ်းရှိ ကိုင်းရှုတ်(ပင်ပြန့်) မျိုးစိုက်ခင်း၊ ကိုင်းရှုတ် (ပင်ထောင်)မျိုးစိုက်ခင်းနှင့် ပန်းကလော/ ကြက်ဥကလော မျိုးစိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွတ်တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ဘောင်စနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးစေရေး ဆောင်ရွက်ရန်နှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ ၏ လယ်(၅.၂၄)ဧကတွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက (၁၀) တင်းနှုန်းပိုမိုထွက်ရှိ စေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများအချိုးကျသုံးစွဲနိုင်မှု နှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှုတို့ကြောင့် မိုးစပါးအထွက်နှုန်းတိုးလာသည်ကို မြင်တွေ့ နေရပါကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ တောင်သူ ဦးနိုင်ဝင်းဆွေ၏ လယ်မြေ(၅.၂၄) ဧကရှိ ဆာဖိုးသာမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာမှ တစ်ဧကလျှင် ပျမ်းမျှ(၁၃၂) တင်းနှုန်း ထွက်ရှိခဲ့သည်။ အဆိုပါ ဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင်ယခင်နှစ်က ဆင်းသုခမျိုးစပါးစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၉၈)တင်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ဆာဖိုးသာ အထွက်တိုး မျိုးစပါးအားစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၁၃၂) တင်းနှုန်းထွက်ရှိခဲ့ပြီး မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲ စိုက်ပျိုး ခြင်းကြောင့် အထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ရွှေပြည်ဝင်းဆန်စက်၊ ဆန်၊ စပါးရောင်းဝယ်ရေးနှင့် စပါးအခြောက်ခံလုပ်ငန်း သို့သွားရောက်၍ စပါးအခြောက်ခံခြင်း ဆောင်ရွက်နေမှုနှင့် တောင်သူများမှ စပါးများ ပြန်လည်ပေးသွင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည် မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း"  ဧက (၂၀၀) စံပြစိုက်ခင်းရှိ (၇၅) ရက်သား သက်တမ်းရှိပြီဖြစ်သော ပေါ်ဆန်းစပါး စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စားရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ရေကြည်မြို့နယ်၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများအား လည်းကောင်း၊ နွားရေတိုက်ကျေးရွာ အုပ်စုနှင့် မကျီးလဟာကျေးရွာအုပ်စုတို့တွင် ဓါတုကင်းလွတ် ပေါ်ဆန်း စိုက်ပျိုးမှုအခြေအနေများ အားလည်းကောင်း၊ တောင်သူဦးကြည်ခိုင်စိုးမှ မြေဆွေး၊ နွားချေးမှုန့်၊ ဖွဲနု၊ ထုံး၊ ဒရိုင်ဂိုဒါးမား၊ ဟူးမားသဘာဝမြေဩဇာ တို့အားအချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)မှ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှု အခြေအနေများ၊ သဘာဝမြေသြဇာအသုံးပြု စိုက်ပျိုးမှု အခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးကွဲများ၏ အထွက်နှင့်အထွက်နှုန်း မိတ်ဖက်လက္ခဏာများ အား သုတေသနဆောင်ရွက်ချက် ရလဒ်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါ်ဆန်းစပါး အရည်အသွေး၊ အနံ့၊ အရသာ တိုးတက် ကောင်းမွန်စေရေး၊ တောင်သူအခြေပြု သုတေသန ဆောင်ရွက်လျက်ရှိရာ (၂)နှစ်မြောက် ရောက်ရှိလာပြီဖြစ်ပါကြောင်း၊  ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝမြေဩဇာအသုံးပြု ဓါတုကင်းလွတ်ပေါ်ဆန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ခေတ်မီနည်းပညာ အကူအညီ များဖြင့် အနံ့အရသာနှင့်ပြည့်စုံသည့် အရည်အသွေးပြည့် ဆန်များထွက်ရှိစေရေး၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေး သုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါ နွားရေတိုက်ကျေးရွာအုပ်စုတွင် ယခင်နှစ်က ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား လယ်ဧက (၃၀)စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် လယ်ဧက (၂၀၀) တိုးတက်စိုက်ပျိုးထားရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်(၇၄/၅ -၉၆/၅) အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီး စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ် - ရန်ကုန် လမ်း (၉၆/၅ - ၁၀၆/၅)(၁၀)မိုင်၊ ကန်ကြီးထောင့်မြို့နယ်အပိုင်းရှိ (၉၆/၅မှ၉၈/၅)မိုင်အတွင်း ကတ္တရာလမ်းပေါက်ဖာထေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြမှုအပေါ် ပွင့်လင်းရာသီတွင် ယာဉ်သွားလာမှုများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် လမ်းပိုင်းအလိုက် မပြတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

10-Oct-2023