တိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့၊ Azuraဟိုတယ်၌ ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ “ ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယခုလအတွင်းဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်စနစ်များဖြင့် လျှပ်စစ်လိုအပ်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိကမ်းခြေများသို့ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ငွေဆောင်၊ ချောင်းသာဟိုတယ်ဇုန်များသို့ ပြည်တွင်းပြည်ပခရီးသွား(၇)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း(၁၁)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ အောက်တိုဘာလ သည်ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်း များပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်ခရီးသွားများ ပိုမိုကျော်လွန်ဝင်ရောက်အောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားများတစ်ခေါက်လာရောက်သည်နှင့် ထပ်ကာထပ်ကာလာရောက်ချင်စိတ်များဖြစ်ပေါ်စေရေး ဝန်ဆောင်မှုကောင်းများပေးဆောင်ရန်လိုပါကြောင်း၊ ခရီးသွားများသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေသာယာလှပရေးများအပြင် ခရီးသွားလာသူများ အေးချမ်းစွာ အပန်းဖြေအနားယူနိုင် ရေးနှင့် စည်းကမ်းတကျ သွားလာလည်ပတ်နိုင်စေရေး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ တိုင်းဒေသကြီးရှိမြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ ပိုမိုသန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖိုးတိုးတက်စေရေး ဟိုတယ်ဇုန်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လည်း လိုပါကြောင်းနှင့် အကြံကောင်းဉာဏ်ကောင်းများရှိပါကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက် တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးအဖွဲ့သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဖြန့်ဖြူးပေးနေမှုနှင့် လေအားလျှပ်စစ်၊ ရေအားလျပ်စစ်၊ Solar စနစ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင် ရေး ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။