တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အားတက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄၀ပေ×၃၀ပေ)RCနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းပြုလုပ်ရာ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့်အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် မင်္ဂလာရှိသောနေ့ဟု ပြောရမှာဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၈၇.၅၇ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည့်အတွက်လည်း အနှစ်သာရပြည့်ဝသည့် အခမ်းအနားတစ်ခုဖြစ်သည်ဟု ပြောရမှာလည်းဖြစ်ပါကြောင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရရှုံးခဲ့သူများ၊ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးစည်းရုံးဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့်ပညာရေးကိုလိုလားသည့် ဒေသဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ညီလက်ညီဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့်အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီးနောက် အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက တိုင်းဒေသကြီးပညာရေးမှူးထံသို့ ကျောင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။
ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအတွက်ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးလက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသားသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်မှုအားကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။