တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်း ဆင်းပွဲအခမ်းအနားအားတက်ရောက်

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆)သို့ တက်ရောက် လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသူအားလုံးသည် ကျွမ်းကျင်စွာတတ်မြောက်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ သင်တန်းပြီးပါက အသက်မွေးဝမ်းကြောင်းအဖြစ် ဆက်လက်ရပ်တည်၍ ဆောင်ရွက်သူများရှိသကဲ့သို့ မိမိနေအိမ်တွင် မိသားစုများအတွက် အချုပ်အလုပ်တာဝန်ယူ သူများလည်းရှိနေပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများသည် အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိနေပြီး နည်းပညာများကိုအမှီလိုက်၍ လိုအပ်ချက်ရှိသည့် သင်တန်းကျောင်းများအတွက် ပစ္စည်းပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာ များနှင့်ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ သက်မွေးပညာရပ်ကို ကောင်းစွာအသုံးချနိုင်ပြီဆိုပါက နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ ဦးရေ လျော့ချနိုင်ပြီး တစ်ဦးချင်းဝင်ငွေများတိုးတက်စေမှာဖြစ်သကဲ့သို့ မိသားစုများ၏ လူနေမှုအဆင့်အတန်းကိုလည်း မြှင့်တင်နိုင်မှာဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့သင်တန်းများအား မပြတ်ဖွင့်လှစ်၍ တိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် သင်တန်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း” သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် ဆုရသင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီးနောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကျောင်းအုပ်ထံသို့ ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းအုပ်က သင်တန်းမှသင်ကြားပေးသည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသူများ ချုပ်လုပ် ထားသည့်လက်ရာများကိုကြည့်ရှုအားပေးခဲ့သည်။ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း(ပုသိမ်)အနေဖြင့် ယနေ့အထိ အခြေခံသင်တန်း(၉)ကြိမ်၊ အဆင့်မြင့်သင်တန်း (၈)ကြိမ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၆)ကြိမ်နှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း(၆)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ (၁၂၅၇) ဦးတို့ကို အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပို့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

06-Oct-2023