ပုသိမ်မြို့၌ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ၂၀၂၃ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက “ မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားပြီးနောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစကားများ ဆက်လက်ပြောကြားရာတွင် “ ယနေ့အခမ်းအနားသို့ တက်ရောက်လာသော အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများသည် မိမိတို့၏ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများပင် ဖြစ်ပါကြောင်းနှင့် ဆရာကြီး၊ ဆရာမကြီးများ၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရပြီး တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ မြင့်သည်ထက်မြင့်အောင် ပြုစုပျိုးထောင်ပေးခဲ့သည့် အနန္တော၊ အနန္တတဂိုဏ်းဝင်ဆရာကြီး၊ ဆရာမကြီးဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် မိမိတို့၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊ မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက် နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ပဲ့ပြင်ခဲ့သူများဖြစ်ပါကြောင်း၊ အများအကျိုး ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလများအတွင်းတွင် ဆရာများ၏ ဂုဏ်ပုဒ်များနှင့်ညီအောင် သွန်သင်ဆုံးမခဲ့ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဆရာများနေ့ များတွင် ဆရာကြီး၊ ဆရာမကြီးများကိုကန်တော့ခဲ့ကြသကဲ့သို့ နှစ်စဉ်ဆရာကန်တော့ပွဲများ ကျင်းပပြုလုပ်ခဲ့ ပါကြောင်း၊ ထို့အပြင် ငယ်စဉ် ပညာစတင်သင်ကြားပေးသည့် လက်ဦးဆရာ/ ဆရာမ များ၏ ဂုဏ်ကျေးဇူးများကိုလည်း မမေ့မလျော့ဘဲ ကန်တော့နိုင်ရန်နှင့် ဆရာကြီး၊ ဆရာမကြီးများနှင့် တကွ အခမ်းအနားတက်ရောက် လာကြသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးသည်လည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီး ပညာရေးမှူးက ဖတ်ကြားခဲ့သည်။
ယင်းနောက် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ အခြေခံပညာအလယ်တန်း အဆင့် စာစီစာကုံး(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့်ကဗျာ(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအလယ်တန်းအဆင့် ကဗျာ(တိုင်းအဆင့်) တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ဆရာမကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ပြီးနောက် ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အာစရိယဂုဏောအနန္တော"သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။