ကျန်းမာရေးဝန်ထမ်းမျာနှင့် ဌာနဆိုင်ရာများအား သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်လူနာများအား ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများပေးအပ်
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအား သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချပေးနေမှုများကြည့်ရှုအားပေး၍ ဆေးရုံတက်ရောက်ကုသလူနာများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ပုသိမ်မြို့၊ ခုတင် (၅၀၀)ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်း ဈေးကားဖြင့် ဆီ ၁ပိသာလျင် ၄၈၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးနေမှုအားလည်းကောင်း၊ ပုသိမ်မြို့နယ်ဆန်စက်ပိုင်အသင်းနှင့် ဆန်ကုန်သည်များအသင်းတို့မှ ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးနေမှုများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအားကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် ပုသိမ်ပြည်သူ့ဆေးရုံကိုးထပ်ဆောင်သို့ရောက်ရှိ၍ ဆေးရုံတက်ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသလူနာ (၂၉၈)ဦးအတွက် ထောက်ပံ့ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံအထောက်အကူပြုအဖွဲ့ ဆေးဆိုင်သို့သွားရောက်၍ ဆေးကုလူနာများအား ဆေးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ငပုတောမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသလူနာများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသလူနာ(၃၀)ဦးအတွက် ထောက်ပံ့ငွေများနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဆေးရုံရှိကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် ဆီ ၁ပိသာလျင် ၄၈၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးနေမှုအားလည်းကောင်း၊ ငပုတောမြို့နယ်ဆန်ကုန်သည်ကြီးများအသင်းမှ ဆန်တစ်ပြည်လျင်(၂၅၀၀)နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ(၁၀)လုံးလျင်(၂၅၀၀)နှုန်းဖြင့်လည်းကောင်း ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။