ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေလည်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ချောင်းသာ၊ ငွေဆောင် ဟိုတယ်ဇုန်များမှတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် " အောက်တိုဘာလသည် ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်း များပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်နှစ်ခရီးသွားလုပ်ငန်း အားသာချက်အားနည်းချက်များကိုသုံးသပ်၍ ခရီးသွားလုပ်ငန်းပိုမိုတိုးတက်လာစေရေး ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းများကိုအခြေပြု၍ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုပစ္စည်းများ အပါအဝင် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါကြောင်း၊ ခရီးသည်ဝင်ရောက်မှု ပိုမိုများပြားနိုင်၍ ကမ်းခြေသန့်ရှင်းသာယာ လှပစေရေး၊ အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများ အဆင့်အတန်းရှိရှိဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း လိုအပ်ချက်မရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ခရီးသည်ဝင်ရောက်မှုများသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုဝင်ရောက် လျက်ရှိ၍ ဟိုတယ်လုပ်ငန်း များ၊ တည်းခိုခန်းများအနေဖြင့် လိုအပ်ချက်များမရှိစေရေး စီစဉ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ခရီးသွားများသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အချက်ပြဆိုင်းဘုတ်များနှင့် လမ်းညွှန် ဆိုင်းဘုတ်၊ အသိပညာပေးဆိုင်ဘုတ်များ စိုက်ထူရန်လိုပါကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ  တိုင်းဒေသကြီးရှိမြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စား ဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သတ်မှတ်အခွန်ပေးဆောင်ရန်လည်း ကြပ်မတ်ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ဟိုတယ်များ၊  တည်းခိုခန်းများအနေဖြင့် ခရီးသွားဝင်ရောက်မှုစာရင်းများမှန်ကန်ရန်လိုအပ်ပါကြောင်း၊ ကမ်းခြေများ၌  လာရောက်အပန်းဖြေသည့် ပြည်သူများအား ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဟိုတယ်များအနေဖြင့် လျှပ်စစ်အလုံအလောက်ရရှိရန်အတွက် ဆိုလာစနစ်၊ လေအား စနစ်များဖြင့် အားဖြည့်ဆောင်ရွက်နိုင်ရေးဆောင်ရွက် နေပါကြောင်း၊  တစ်နှစ်ထက် တစ်နှစ် ခရီးသွားများပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ရောက်လာသူများကလည်း ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍဆိုင်ရာ အခြေအနေ၊ တိုင်းဒေသကြီးအတွင်း နှစ်အလိုက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုနှင့် ဝင်ငွေရရှိမှုအခြေအနေ၊ ၂၀၂၃ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်တည်းခိုမှုအခြေအနေ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပပြုလုပ်မှု အခြေအနေများအားရှင်းလင်းတင်ပြ ခဲ့ပြီးနောက် ချောင်းသာကမ်းခြေဟိုတယ်ဇုန်ဥက္ကဋ္ဌ၊ ငွေဆောင်ကမ်းခြေ ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။

03-Oct-2023