တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ၊ အထူးဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်အဖြစ် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီး၌ပြည်သူများအား နှစ်ရက်တာဆေးကုသပေးနေမှုကိုကြည့်ရှုအားပေး
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ၊ အထူးဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်အဖြစ် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား စက်တင်ဘာလ ၃၀ရက်နေ့မှ ယခုလ ၁ ရက်နေ့အထိ နှစ်ရက်တာဆေးကုသပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟင်္သာတပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ၊ အထူးဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာညိုညိုဝါ၊ ပါမောက္ခ၊ ဌာနမှူး(ဆေးပညာ)၊ ပါမောက္ခဒေါက်တာ ယဉ်မွန်သန့် (ရင်ခေါင်းဆေးကု)၊ ဒေါက်တာဝေလွင်ဇော်၊ တွဲဖက်ပါမောက္ခ(အရိုးအကြောအဆစ်ဆေးပညာ)၊
ဒေါက်တာအေးမြတ်ညိမ်း၊ အထူးကုဆရာဝန်ကြီး(ဦးနှောက်နှင့်အာရုံကြော)၊ ဒေါက်တာကြာညိုစိုးမြင့်၊ အထူးကုဆရာဝန်ကြီး(ဆီးချိုနှင့်ဟော်မုန်း)၊ ဒေါက်တာယဉ်ယဉ်ဝင်း၊ အထူးကုဆရာဝန်(ဆီးချိုနှင့်ဟော်မုန်း)၊ ဒေါက်တာမြင့်သိန်း၊ အထူးကုဆရာဝန်ကြီး(နှလုံးဆေးကု)၊ ဒေါက်တာရည်မွန်သန့်၊ အထူးကုဆရာဝန် (သွေးရောဂါ)၊ ဒေါက်တာကျော်ဇင်မြင့်၊ လက်ထောက်ဆရာဝန်(အသည်းဆေးကု)၊ ဒေါက်တာကောင်းထက်၊ လက်ထောက်ဆရာဝန်(ဉီးနှောက်နှင့်အာရုံကြောခွဲစိပ်)၁၁အဖွဲ့နှင့် ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးတို့မှ ပြည်သူများကို ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးတို့က မျက်စိခွဲစိပ်လူနာများအတွက် မျက်မှန်များတပ်ဆင်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကြက်ဥများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ၊ အထူးဆရာဝန်ကြီးများ၏ အထူးကုသရေးအစီအစဉ်ဖြင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံးကြီးတွင် နှလုံးရောဂါဆိုင်ရာလူနာ (၃၆)ဦး၊ သွေးရောဂါဆိုင်ရာလူနာ (၈)ဦး ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာ (၁၈) ဦး၊ အရိုးအကြောအဆစ်ဆိုင်ရာလူနာ(၅၃)ဦး၊ အသဲရောဂါကုသမှုဆိုင်ရာလူနာ (၁၄)ဦး၊ အထွေထွေရောဂါလူနာ (၃၇)ဦး ဆီးချိုနှင့်ဟောမုန်းဆိုင်ရာလူနာ(၃၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆိုင်ရာလူနာ (၁၀)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၁၄)ဦး၊ နား၊နှာခေါင်းလည်ချောင်းရောဂါဆိုင်ရာလူနာ (၂၁)ဦး၊ မျက်စိေရာဂါလူနာ (၈၆)ဦး၊ အရိုးရောဂါလူနာ (၄၄)ဦး၊ အထွေထွေခွဲစိတ်လူနာ (၁၅)ဦး၊ ကလေးရောဂါလူနာ (၁၁)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၅၀)ဦး၊ အရေပြားရောဂါလူနာ(၄၂)ဦး၊ ကင်ဆာရောဂါလူနာ(၁၉)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၅)ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ (၁၄)ဦး၊ ကြည့်ရှုလူနာစုစုပေါင်း (၅၆၀)ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများသည် ဇလွန်မြို့သို့သွားရောက်၍ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ ဂန္ဓကုဋီတိုက်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကာ ဘုရားကြီးရှိ သာသနိကအဆောက်အဦများ၏မြန်မာမှုလက်ရာများ ရေရှည်တည်တံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်၊ လျှပ်စစ်မီးကြိုးများစနစ်တကျသွယ်တန်းထားရှိရန်၊ ဘုရားပရဝဏ် အတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် အများပြည်သူများစိတ်အေးချမ်းသာစွာ ဘုရားဖူးကြည်ညိုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။