၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သည့်အခါတိုင်း အားကစားအဖွဲ့များနှင့်တွေ့ဆုံ၍ အားကစားသမားများ၏ လေ့ကျင့် ပြင်ဆင်မှုအပိုင်းများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ နည်းစနစ်မှူးများ၏ တင်ပြဆွေးနွေးချက်များ အပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်သည့်အခါ မိမိတို့ တိုင်းဒေသကြီးသည် ပြည်နယ်တိုင်းအဆင့် လေး/ ငါး နေရာတွင်သာရှိနေပါ၍ ရောက်ရှိနေသည့်အဆင့်ထက် ကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်ဝှေ့အားကစားသမားများ အနေဖြင့်  ကျန်းမာကြံ့ခိုင်ပြီးသက်လုံကောင်းရန် နည်းစနစ်ကျကျဖြင့် ဉာဏ်ရည်ကိုအသုံးပြု ပြိုင်ပွဲဝင်ရန်လေ့ကျင့်ထားကြသဖြင့် အောင်မြင်မှုရရှိမည်ကိုယုံကြည်ပါကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့်နည်းပြများဖြင့်လေ့ကျင့်နေကြသည်ဖြစ်၍ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်အနိုင်ရရှိရန်” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

29-Sep-2023