ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်၊ မိုးစပါးရိတ်သိမ်း​နေမှု ကြည့်ရှုအား​ပေး

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အား လစဉ်ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု ခွင့်ပြုပေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်း တိုးတက်မှုများအား စိစစ်တင်ပြသွားရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော် အတွက် အကျိုးပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့သောလုပ်ငန်းများသည် အကြောင်း ကြောင်းကြောင့် လုပ်ငန်းဆောင်ရွက် နိုင်မှုမရှိခြင်း၊ ကြန့်ကြာနေခြင်းများကို စိစစ်၍ပြန်လည် တင်ပြရန်လိုကြောင်း၊ ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများရှိပါကလည်း ပေးအပ်ထားသည့် အတည်ပြုမိန့်များကို ပြန်လည်ရုပ်သိမ်း ရမှာဖြစ်ပါကြောင်း၊ ယနေ့တင်ပြလာသည့် လုပ်ငန်း များနှင့်ပတ်သက်၍ အသေးစိတ်ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြား ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက  New Talent Industrial Co., Ltd. ၏ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် CMPစနစ်ဖြင့် အဝတ် အထည်နှင့် ခြေအိတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီ မတည်ငွေရင်းပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ International Green Land Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအမျိုးအစား ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Myanmar Rice Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်းအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူအမည်၊ နေရပ်လိပ်စာနှင့် မြန်မာ နိုင်ငံတွင်ဖွဲ့စည်းမည့်ကုမ္ပဏီအမည်တို့ကို ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Trillion Pleasure Industrial Co., Ltd. ၏ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်CMP စနစ်ဖြင့် အဝတ်အထည်များချုပ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊  International Green Land Trading Co., Ltd. ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် ကလေးကစားကွင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပင်မအဖွဲ့ အစည်းအမည်နှင့် လိပ်စာပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့အား ဆွေးနွေး တင်ပြခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေး တင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာသို့သွားရောက်၍ တောင်သူ ဦးတင်လှိုင်၏ ၃ သီးစိုက်လယ်မြေ (၈)ဧကတွင် GW-11 CS  စပါးမျိုး မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်သီးနံစိုက်ပျိုးမည့်အ​ခြေအ​နေများ၊ တစ်ဧက ၁၀ တင်းတိုးတက်ထွက်ရှိစေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ များအချိုးကျသုံးစွဲ​ရေးတို့အတွက်  ဆွေးနွေးပြောကြားခဲ့ပြီး မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးတင်လှိုင်၏  GW 11 မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာမှ တစ်ဧကလျှင် စပါးအ​ခြောက် ၁၂၄ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

27-Sep-2023