ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အလိုက် အထက်တန်းကျောင်းအုပ်ကြီးများနှင့် အထက်တန်းကျောင်းခွဲ ကျောင်းအုပ်များ တက်ရောက် ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံး ဖြစ်ပါကြောင်း၊ ပညာရေးမြင့်မားသည့်တိုင်းဒေသကြီးဖြစ်ပြီး ပညာသင်ကြားမှုအခွင့်အရေးများ ရရှိစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖြေဆိုမှုမရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူ များသည် ယခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်၍ ဖြေဆိုစေရေးအတွက် ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး "ဝ၊ ထ၊ က၊ လ၊ သ" စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ မြို့ပေါ်နှင့်ကျေးလက် နှိုင်းယှဉ်ပါက ကျေးလက်၌ စာတတ်မြောက်မှုအားနည်းသည်ကိုတွေ့ရှိပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍ များကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူငယ်စကားဝိုင်းများ ကျင်းပ ပြုလုပ်ပေးလျက်ရှိပြီး ဆွေးနွေးပွဲများသာမက ပြည်သူ့အကျိုးပြု လက်တွေ့လုပ်ငန်းများပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် စာပေကဏ္ဍ၊ အားကစားကဏ္ဍ၊ အနုပညာကဏ္ဍများ တိုးတက်မြင့်မားအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ဝါသနာအလိုက် တက်ရောက်နိုင်ရေး အသိပညာပေးဆောင်ရွက်သွားကြဖို့လိုကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြစ်ချောင်းများနှင့်နီးစပ်သည့်ဒေသများတွင် ကမ်းပြိုမှုများဒဏ်ကိုခံစားရ သဖြင့် ကျောင်းနေရာများရွေးချယ်ရာတွင် မြစ်ကမ်းနှင့်ဝေးသည့်နေရာများတွင်ရွေးချယ်ကြရန် လိုကြောင်း၊ ကျောင်းအဆောက်အဦ၊ ပရိဘောဂများကိုလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊ ပညာရေးကိုအခြေခံ၍ အားကစားနှင့် အနုပညာကဏ္ဍများ တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကာ ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ဆရာကြီး ဆရာမကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။