ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့်လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့်လူငယ်စကားဝိုင်းသို့ တက်ရောက်၍ “ တိုင်းဒေသကြီး အတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများကို ပြုလုပ်လျက်ရှိပါကြောင်းနှင့် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များထွက်ပေါ်လာစေရန် အတွက် ရည်ရွယ်ပြုလုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ အခြေခံပညာကိုကောင်းမွန်စွာ သင်ကြားတတ်မြောက်လာကြပြီး ကွန်ပျူတာတက္ကသိုလ်တွင် အဆင့်မြင့်ပညာများကိုလေ့လာသင်ယူ နေကြသည့် ကျောင်းသား၊ကျောင်းသူများသည် လူငယ်ကာလအသက်အပိုင်းအခြားသို့ ရောက်ရှိ နေကြသူများဖြစ်ကြ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်စေရေး ကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူလူငယ်များအနေဖြင့်လည်း မိမိတို့ လေ့လာသည့်ဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူ၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ကောင်းမွန်စွာအကျိုးပြုနိုင်ပါစေကြောင်းနှင့် ယနေ့ ပြုလုပ်သည့် စကားဝိုင်းမှတဆင့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များ ဖြစ်ပါစေကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများနှင့် အားကစားပစ္စည်းများကိုပေးအပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်ကလူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒေါ်စန်းစန်းမြိုင်၊ တွဲဖက်ပါမောက္ခ(မြန်မာစာဌာနမှူး)က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမနှစ်ကျောင်းသား မောင်ရန်နိုင်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသား မောင်ဝေဖြိုးအောင်က “လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်ကျောင်းသား မောင်မြတ်မင်းထွန်းက “လူငယ်နှင့်ကွန်ပျူတာပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်ကျောင်းသူ မအင်ကြင်းမွန်က“ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။