ပုသိမ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောမိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၏ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသူ အမျိုးသမီးလူနာအသစ် (၆)သိန်းကျော်ရှိပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် နှစ်စဉ် အမျိုးသမီး (၃)သိန်းကျော်သေဆုံးလျက်ရှိပါကြောင်း၊ နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် (၁၃.၃)ဦးရှိကြောင်းနှင့် သေဆုံးမှုနှုန်းမှာ (၆.၉)ရှိကြောင်း သိရပြီး သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ (၉၀)ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှု နည်းသော နိုင်ငံများကဖြစ်သည့်အတွက် ဖွံ့ဖြိုးမှုနည်းသောဒေသများ၌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းမြင့်မားသည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံးအသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက်(၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးလူဦးရေ တစ်သိန်းတွင် (၂၅.၃) ဦး ဖြစ်ပွားသည်ဟုသိရပါကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက နောက်(၅)နှစ်မှ (၈)နှစ်ကြာတဲ့ အခါမှာ အသက်(၁၃)နှစ်မှ အသက် (၁၉)နှစ် အတွင်းရှိတဲ့ မိန်းကလေးများမှာ ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း (၈၃) ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်ပြီး အသက် (၁၅)နှစ်မှ (၁၉) နှစ်အရွယ်မိန်းကလေးများ၌ အဖြစ်များသည့် ကနဦးကင်ဆာ ဖြစ်ပွားမှုနှုန်းကို (၃၁) ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံထားခြင်းဖြင့် လာမယ့် (၂၀၃၀)ခုနှစ်မှာ လူဦးရေ(၂၄)သန်းစာအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များ လျော့ကျသွားစေမှာဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံရခြင်း၏ ရည်ရွယ်ချက်သည် မိန်းကလေးငယ်များကို အသက်(၉)နှစ်အရွယ်တွင်ထိုးပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင် ထိတွေ့ခြင်းမရှိမီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ် အားလုံးကို ထိုးနှံပေးရန်ဖြစ်ပါကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွား သေဆုံးမှုမှလျှော့ချနိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အပြည့်အဝရရှိစေရန် တာဝန်ရှိသူများအားလုံးကကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ ပေးခြင်းကျောင်းအခြေပြုအစီအစဉ်ကို ယနေ့ (၁၈-၉-၂၀၂၃) ရက်နေ့မှ စတင်ပြီး တိုင်းဒေသကြီး အတွင်းတွင် ဆက်လက်ထိုးနှံသွားမည်ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြမည့် တာဝန်ရှိသူများအားလုံး၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း” အဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းအားကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူများအား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။

18-Sep-2023