တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိစပါးခင်းများတွင် ငဝန်မြစ်ရေ ဝင်ရောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စပါးခင်းများတွင် ငဝန်မြစ်ရေ ဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်-သာပေါင်းကားလမ်းဘေး၊ အောင်တက်ကျေးရွာနှင့် ဖဲကုန်းကျေးရွာရှိ တောင်သူများ၏ ရေကျနောက်စိုက် လယ်ဧကများတွင် ပြီးခဲ့သည့်နှစ်များက မြစ်ရေတက်ရောက်မှုမရှိသဖြင့် စိုက်ချိန်စော၍စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ သို့ ငဝန်မြစ်ရေဝင်ရောက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက စပါးပင်များရှင်သန်စေရေး ဆောင်ရွက်ရန်၊ မျိုးစပါးများအသင့်ထားရှိစေရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စုရှိ တောင်သူများ၏ ရေကျနောက်စိုက် လယ်ဧကများတွင် စိုက်ချိန် စော၍ စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ သို့ ငဝန်မြစ်ရေဝင်ရောက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက စပါးပင်များရှင်သန်ကြီးထွားစေရေးဆောင်ရွက်ရန်၊ ပျက်စီးမှုများရှိပါက အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် ကျွန်းလျားရှည်ကျေးရွာအခြေခံပညာအထက်တန်း ကျောင်းခွဲသို့ သွားရောက်၍ ‌စာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းအဆောက်အဦများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းတွင်း၊ ပြင်ပဖြေ ကျောင်းသားကျောင်းသူများအား ဂရုစိုက်သင်ကြားပေးရန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

17-Sep-2023