ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းမြွက်ကြားရာတွင် “အိုဇုန်းလွှာသည် နေရောင်ခြည်မှလာသည့်  ခရမ်းလွန်ရောင်ခြည်များအား ကမ္ဘာမြေပြင်ပေါ်သို့ မကျရောက်စေရန်အတွက် ကာကွယ်ပေးလျက်ရှိပြီး သဘာဝအကာအရံတစ်ခုအဖြစ် တည်ရှိနေသည့်အတွက် ကမ္ဘာပေါ်ရှိ လူသားများ အပါအဝင်သက်ရှိများအားလုံးအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာသည် အအေးပေးပစ္စည်းများတွင် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်ကြောင့် ပျက်စီးကြောင်းကို ၁၉၇၄ ခုနှစ်တွင် စတင်လေ့လာတွေ့ရှိခဲ့ပြီး အိုဇုန်းလွှာပျက်စီးမှုနှင့်ပတ်သက်၍ သိပ္ပံနည်းကျ လေ့လာသုံးသပ်မှု ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊လူသားအားလုံး ရင်ဆိုင်နေရသည့် အိုဇုန်းလွှာပျက်စီးခြင်းကဲ့သို့သော ခြိမ်းခြောက်မှုကို သိပ္ပံပညာရှင်များကရှာဖွေတွေ့ရှိခဲ့သည့်အပေါ် အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် မွန်ထရီရယ်သဘောတူ စာချုပ်သည် အောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့ပါကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကတော့ “Montreal Protocol: Fixing the Ozone Layer and Reducing Climate Change” “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်းနှင့်အတူ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ အထိမ်းအမှတ် သဝဏ်လွှာ ဗီဒီယိုပြသခြင်းနှင့်ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ Ms. Inger Andersen ၏ Memorial Videoတို့ကို ထုတ်လွှင့်ပြသပြီးနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အလယ်တန်းအဆင့် ပန်းချီနှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

16-Sep-2023