တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော“လူငယ်စကားဝိုင်း”သို့တက်ရောက်၍ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး ဟူသည့် စကားအတိုင်း နောင်ခေတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးညီလာခံမှ ပေါ်ထွက်လာသည့် ရလဒ်များအရ တိုင်းဒေသကြီးအတွက်အကျိုးပြုနိုင်မည့် ဒေသသုတေသန စာတမ်းအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်တက္ကသိုလ်၌ တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် စုပေါင်း၍ တိုင်းဒေသကြီး၏ စီးပွားရေး အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များအပေါ် တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြပါစေကြောင်းနှင့် ယနေ့ ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များပေါ်ထွက်ပါစေကြောင်း”အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ်(ပုသိမ်) ဒေါ်မြသက်နွယ်၊ တွဲဖက် ပါမောက္ခ(မြန်မာစာဌာန)က ဦးဆောင်ဆွေးနွေးခဲ့ပြီး တတိယနှစ်(Civil)ကျောင်းသား မောင်ဇင်လင်းကိုကိုက “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်(EP) ကျောင်းသား မောင်လွင်ဖုန်းမြတ်က “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (Mechanical)ကျောင်းသား မောင်သန့်ဇော်လင်းက “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်(Mechanical)ကျောင်းသူ မဝါဝါမင်းသူက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဉ္စမနှစ်(Mechanical) ကျောင်းသားများမှ လက်တွန်းကောက်စိုက်စက် စမ်းသပ်တည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။

13-Sep-2023