တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို  ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သူတန်းသူ(၄၆)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို သင်တန်းသားများက သူနာပြုသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန် သူနာပြုနှင့်သားဖွား ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားများ ပြုလုပ်သည့် အခါတိုင်း လာရောက်ချီးမြှင့်အားပေး၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သင်တန်းသားသင်တန်းသူများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေး လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေး ခရိုင်၊ မြို့နယ် များရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားပါကြောင်း၊ လက်ရှိ သင်ကြားနည်း စနစ်သစ်ဖြစ်တဲ့ Adult Learning၊ Self Learning ၊ Active Learning စနစ်ဖြင့်သင်ကြားပေးလျက်ရှိရာ Active Participation ဖြစ်ရန် သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူကြရန်မှာကြားလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာသက်ရှည် ကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊  သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဋ္ဌာန်များကို မမေ့လျော့ပဲ လူနာများနှင့်အများပြည်သူများကို အကျိုးပြုနိုင်သည့် သူနာပြုများ ဖြစ်ပါ စေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ဆက်လက်၍  မြောင်းမြမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုအုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

13-Sep-2023