ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းထိန်းလုပ်ငန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကာ စေတီတော်ကြီးဝင်းအတွင်းင ဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော််ကြီးသို့ဦးတည်စီးဆင်းနေသည့်ငဝန်ရေလမ်းကြောင်းအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရန်လျာထားသည့်လုပ်ငန်းများအားတိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာ ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊သာသနိကအဆောက်အဦများပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်၊ ငဝန်မြစ်ရေတိုက်စားမှုမှကာကွယ်ရန်ဆောင်ရွက်နေသည့်လုပ် ငန်းများအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့်အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ လေးမျက်နှာမြို့နယ်၏စိုးရိမ်ရေအမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၄.၀ ပေဖြစ်ပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၃၄.၀၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။  

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသိုင်းချောင်းမြို့၊ ငဝန်တာမိုင်(၄၅/၆) ရေကင်းစခန်းအမှတ်(၂)၌ ပြုလုပ်သည့် တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း ၊ ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့ပြီး တာများကြံ့ခိုင်မှုရှိစေရန် နေ့၊ညမပြတ် စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေအဆင့်သတ်မှတ်များအား ပြည်သူများသိရှိလိုက်ပါဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအသင့်စုဖွဲ့ထားရှိရန်နှင့် ရေဘေးကာကွယ် ရေးသုံးပစ္စည်းများစုေဆာင်းထားရှိဆောင်ရွက်ရန် မှာကြားခဲ့သည်။ ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက်၂၈ပေရှိပြီး ၁၁-၉-၂၀၂၃ ရက်နေ့ ရေအမှတ်မှာ ၂၈.၈၅ ပေသို့ရောက်ရှိလျက်ရှိကြောင်းသိရသည်။

12-Sep-2023