ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တိုင်းရင်းဆေးရုံဝန်းအတွင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး အမှိုက်များကင်းစင်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်ရေး မှာကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံအတွင်းအပြင်သန့်ရှင်းစေရေး၊ ရေညှိများတိုက်ချွတ်ဆေးကြောရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်သို့သွားရောက်၍ ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဒါးကတိုက်နယ်ဆေးရုံများရှိ သန့်ရှင်းလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံဝန်းအတွင်းအပြင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အမှိုက်များတစ်ပါတည်းစွန့်ပစ်ရန်မှာကြားခဲ့ပြီးဆေးရုံဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်း ရေးလုပ်ငန်းများ အဆက်မပြက်ဆောင်ရွက်ကြရန်၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝ ပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။