တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့အင် ဒို့အား” သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ (၈)ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပလာသည်မှာ ၂၀၂၃ခုနှစ်၊ ယခုလ(၈)ရက်နေ့တွင် သက်တမ်း(၅၇)နှစ်ရှိပြီဖြစ်ပါကြောင်း၊ စာမတတ်သူဦးရေ များပြား နေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည် ကိုတွေ့ရှိရပါကြောင်း၊ စာတတ်မြောက်ခြင်းဖြင့် ဆင်းရဲမှုကို လျော့နည်းကျဆင်းစေရန် အထောက်အကူပြုသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်စွာဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းတွင် စာပေသည်လွန်စွာအရေးကြီးသည့်ကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည်လည်း အဓိကအချက် တစ်ချက်ပင်ဖြစ်ပါကြောင်း၊ လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ ကိုယ်စီရှိရမည်ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလငါးတန်အားလုံးကို ဆုံးရှုံးသည်နှင့် တူပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်းသည် စာမတတ်သူပပျောက်ရေးကို ဦးတည်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီး စာမတတ်သူများ ပပျောက်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ ရာနှုန်းပြည့်အတန်းစဉ်ကူးပြောင်းစေရေးနှင့် ပညာသင်ကြားမှု အခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့ အစည်း ကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်လူသားအားလုံး စာတတ်မြောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ဟု” တိုက်တွန်းအမှာစကားများ ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ယူနက်စကို ညွှန်ကြားရေးချုပ်ကပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီးနောက် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုအားပြသည်။
ထို့နောက် ပုသိမ်မြို့ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရမီးအိမ်ရှင်”သီချင်းဖြင့်လည်းကောင်း၊ ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“စာ စာ စာ” သီချင်းဖြင့်လည်းကောင်း တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ”စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များသည် ၂၀၂၃ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။