ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အုပ်ချုပ် ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ အရေးပေါ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ယနေ့ညနေပိုင်းတွင် အဆိုပါနေရာများအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ကြီးများသည် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး တာမိုင်(၅/၂) မှ(၇/၀)အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာတွင် တာတမံကာကွယ် ဆောင်ရွက်ထာနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ ကမ်းစားကမ်းပြိုခြင်းများအား Geotextile ဖြင့်ကာကွယ်ခြင်း၊ တုတ်ရိုက်၊ သဲအိတ်ဖြည့်ကာကွယ်ခြင်းနှင့် ကမ်းထိန်းလုပ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အရေးပေါ်ယာယီကမ်းထိန်းလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများ ရေးဆွဲဆောင်ရွက်ရန်နှင့် ဒေသခံများထိခိုက်မှုမရှိစေရေးကြိုတင်ရွှေ့ပြောင်းခြင်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
ထို့နောက် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ဧရာဝတီမြစ်ရေ တက်ရောက်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့ပြီး စိုးရိမ်ရေမှတ်၊ အန္တရာယ်ရေမှတ်ရောက်ရှိမှုအခြေအနေများ အမြဲမပြတ်စောင့်ကြည့်ထားရှိရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သမိုင်းဝင်မြန်အောင်ဘုံသာ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီမြစ်ရေ တက်ရောက်မှုကြောင့် ဓမ္မာရုံတွင် ရွှေ့ပြောင်းထားရှိသည့် အမှတ်(၆)ရပ်ကွက်ရှိ အိမ်ခြေ (၂၁)အိမ်၊ အိမ်ထောင်စု(၂၁)စုရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံအားပေး၍ စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား နေထိုင်စားသောက်ရေးကိစ္စများစနစ်တကျစီစဉ်ပေးရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။