ပုသိမ်မြို့၌ (၇၁)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ၁၃၈၅-ခုနှစ်၊ (၇၁)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  အခမ်းအနားကိုဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ် တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အ​နောက်​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထု​ငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး အစရှိသည့်လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက  သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထု​​ငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးအစရှိသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

01-Sep-2023