ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေနှစ်သိန်းကျော်အား တက်ရောက်စိုက်ထည့်ပေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေးသင်တန်းဆောင်ရွက်မှုတင်ပြသည့် အစည်းအဝေးတက်ရောက်

သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများမပြုန်းတီး စေရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေး ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊ ကွင်းယားအရှေ့ကွင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ငါးမြစ်ချင်း ကောင်ရေငါးသောင်း၊  ငါးခုံးမကြီးကောင်ရေငါးသောင်း၊ ထိုင်းငါးပြေမ ကောင်ရေ ငါးသောင်းနှင့် ငါးရှဉ့်ကောင်ရေ တစ်သိန်းတို့အား စိုက်ထည့်ပေးခဲ့သည်။

ရှေးဦးစွာ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ကန်ကြီးထောင့်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစုပေါင်း စိုက်ထည့်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊  သဘာဝရေပြင်များတွင် ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိပြီး ယခုနှစ် တွင် ငါးကောင်ရေ ကိုးဆယ့်ငါးသိန်းငါးသောင်းကျော် စိုက်ထည့်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များ၏ ပညာပေးသင်တန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြသည့် အခမ်းအနား သို့ တက်ရောက်ခဲ့သည်။

 ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနအရာရှိက တိုင်းဒေသကြီးအတွင်းရှိ နေကြာစိုက်တောင်သူများအား (၂၁.၈.၂၀၂၃) ရက်နေ့မှ (၂၉.၈.၂၀၂၃) ရက်နေ့အထိ တောင်သူနည်းပညာပေးသင်တန်းများတွင် တောင်သူများမှ ဆွေးနွေးမေးမြန်းမှု များအပေါ် ဖြေကြားချက်များ၊ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး ဆန်ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းကို ရောက်ရှိအောင် ဆောင်ရွက်နေပါကြောင်း၊ ပဲမျိုးစုံဧက(၁၆)သိန်းကျော်စိုက်ပျိုးပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာကိုလည်းနှစ်အလိုက်တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီဖူလုံမှုရရှိအောင် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ ဆီစက်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာ စိုက်ပျိုးရာတွင် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များလာရောက်ကွင်းဆင်း ပေးခဲ့သဖြင့် ကျေးဇူးတင်ပါကြောင်း၊  မျိုးကောင်းမျိုးသန့် များအား တောင်သူများထံသို့ အချိန်မီရောက်ရှိ နိုင်ရန်နှင့်  မျိုး၊ မြေ၊ ရေ၊ နည်း စနစ်မှန်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် နေကြာစိုက်ပျိုးရာ၌ အထောက်အကူ ပြုသည့် ပျားမွေးမြူရေးသင်တန်းများ ကိုလည်း ဖွင့်လှစ်ပေးလျှက်ရှိပြီး လိုအပ်ချက်များကိုလည်း ထပ်မံဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း၌ပင် ပျားမွေးမြူ ထုတ်လုပ်နိုင်​ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီး အတွင်းဆီဖူလုံမှုရှိစေရေး အတွက်လည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း နေကြာစိုက်ပျိုးမှု အောင်မြင်ရေးအတွက် ပါဝင်ကူညီပေးကြစေလိုကြောင်းနှင့် တောင်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း” ပြောကြားခဲ့သည်။

30-Aug-2023