ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တလုပ်လှငါးလုပ်ငန်းစခန်း၌ပြုလုပ်သည့် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်းဖွင့်ပွဲသို့တက်ရောက် ငါးမွေးမြူရေးလုပ်ငန်းများအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ တလုပ်လှငါးလုပ်ငန်းစခန်း၌ ယနေ့နံနက်ပိုင်းက ငါးဆေးထိုးသားဖောက်ခြင်းသင်တန်းဖွင့်ပွဲ(၂/၂၀၂၃)ကိုပြုလုပ်ခဲ့ရာ အခမ်းအားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မအူပင်တက္ကသိုပါမောက္ခချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်သန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းစခန်းများ၌ ငါးဆေးထိုးသားဖောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏စပါးကျီဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သော တိုင်းဒေသကြီးဖြစ်ရာ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်နေလူဦးရေ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလုပ်ကိုင်ကြကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် ရေ၊ မြေ ၊သယံဇာတများပေါများသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆန်၊ အသား၊ ငါး၊ ဥများကို နေ့စဥ်တင်ပို့ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် နှစ်စဥ် ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်၍ သုတေသနပြုလုပ်ငန်းများနှင့် ဆွေးနွေးပွဲများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းမှ သင်ကြားပေးလိုက်သည့်ပညာရပ်များအား လက်တွေ့အသုံးချ၍ ဒေသအတွက် အကျိုးပြုနိုင်ပါစေကြောင်း ”အဖွင့်အမှာစကားများပြောကြားသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအားလည်းကောင်း၊ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်တက်ရောက်နေမှုအခြေအနေများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စာတွေ့ လက်တွေ့ ဆောင်ရွက်နေမှုများ၊ ဒေသအကျိုးပြု သုတေသနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဆိုပါစခန်း၌ ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများလည်းကောင်း၊ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်က သုတေသနလုပ်ငန်းများတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းရှင်များမှတိုးချဲ့မွေးမြူနိုင်ရေးအရင်းအနှီးလိုအပ်ချက်များ၊ ငါးအစာစျေးနှုန်းကြီးမြင့်မှုနှင့်လုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီး၀န်ကြီးချုပ်မှ ငါးအစာစျေးကြီးမြင့်မှုအပေါ်လျှော့ချနိုင်မည့်နည်းလမ်းများ၊ ပရိုတင်းဓါတ်ကြွယ်၀သည့် azolla (အေဇိုလာ) ရေမှော်၊ မြက်ပဲပင်ပေါက်ပြုလုပ်အစာကျွေးခြင်းတို့အားဖြည့်စွက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တလုပ်လှငါးလုပ်ငန်းစခန်၏ ငါးဆေးထိုးသားဖောက်ခြင်းနှင့် မွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါငါးဆေးထိုးသားဖောက်သင်တန်းကို ယနေ့မှစ၍ နှစ်ရက်ကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး မအူပင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှသင်တန်းသား၊ သင်တန်းသူ( ၃၉ )ဦးတက်ရောက်လျက်ရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အနန္တသုခ ဘုရားတန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်း ရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာရှိ တောင်သူဦးအောင်သန်းဋ္ဌေး၏ စိုက်ဧက(၅)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မအူပင်မြို့၊ ဘိုးဘွားရိပ်သာသို့ရောက်ရှိ၍ ဘိုးဘွား(၃၇)ဦးအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာရှိ တောင်သူ ဦးဇော်ဝင်း၏ လယ်ဧက(၃)ဧက၌ တစ်နှစ်သုံးသီးစိုက် မိုးစပါးသီးနှံ GW-11စပါး ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များရှိ သုံးသီးစိုက်လယ်မြေများတွင် တောင်သူများမှ မိုးစပါးသီးနှံများ စတင် ရိတ်သိမ်းဆောင်ရွက်နေပြီဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ တာပတ်ကျေးရွာ၊ မအူပင်-ကျိုက်လတ် ကားလမ်ဘေးတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များအား တာဝန်ရှိသူများနှင့်အတူ စုပေါင်း ကြဲပက်ခဲ့ကြပြီး ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးမှူးမှ ခရိုင်အတွင်း ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ တာယာဝဲကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် စနစ်တကျဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။