နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မြောင်းမြမြို့နယ်၊ မြစိမ်းရောင် တောင်တော်ပေါ်၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒန်နီယယ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ဧည့်သည်တော်များအား ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ကြိုဆိုကပြဖျော်ဖြေပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်(၉)ချက်တီး၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး “ ကရင်တိုင်းသား လူမျိုးသည် နိုင်ငံအတွင်းနေရာအနှံ့အပြား၌ နေထိုင်လျက်ရှိပါကြောင်း၊ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂအခမ်းအနားတွင် ယခုကဲ့သို့မိမိတိုင်းရင်းသားများစုစုစည်းစည်း ပြန်လည်တွေ့ဆုံ ရသည်မှာ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသည်ဟု ပြောရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းဖွဲ့စည်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်းနှင့် ကရင်တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀၀၀ နီးပါးနေထိုင်လာခဲ့ကြပြီး ခေတ်အဆက်ဆက်၌ ကောင်းခြင်း၊ ဆိုးခြင်းများကို အတူတကွ အေးအတူပူအမျှ ကြုံတွေ့ ဖြတ်သန်းခဲ့ကြပါကြောင်း၊  တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီး၍ အတူတကွနေထိုင်ပြီး တိုင်းပြည်၏ တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းရာကောင်းကြောင်းကို အတူတကွပူးပေါင်း ဆောက်ရွက်ရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ကို ပြဋ္ဌာန်းထားပါကြောင်းနှင့် ၎င်းအခွင့်အရေးကို မှန်ကန်စွာအသုံးချရန်လိုပါကြောင်း၊ ကရင် အမျိုးသားများအနေဖြင့် အမျိုးသားရေး တာဝန်ကို မျက်ခြည်မပြတ်ရန်လိုပါကြောင်း၊ ကရင်ရိုးရာ လက်ချည်ပွဲသည် ကရင်တစ်မျိုးသားလုံးပိုင်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါကြောင်းနှင့် ဘာသာမရွေး၊ ဒေသမရွေးဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ လက်ချည်ဖြူဖွဲ့ပွဲသည် ကရင်တစ်မျိုးသားလုံးအားပြန်လည်စုစည်းပေးသည့် အခမ်းအနားဖြစ်ပြီး ၎င်းယဉ်ကျေးမှုကိုနှစ်ပေါင်းနှစ်ထောင်ကျော် ထိန်းသိမ်းနိုင်သည့် လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူ ရမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် တစ်တိုင်းလုံး၌ရှိသည့် ကရင်တစ်မျိုးသားလုံးနှင့် စုစုစည်းစည်းညီညွတ်ညွတ်တွေ့ရှိသည်မှာ ဝမ်းမြောက်ပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်း၊ အေးချမ်းရန် အတွက်လည်း တိုင်းပြည်၌နေထိုင်သည့် လူမျိုးတစ်မျိုးလုံးအနေဖြင့် တာဝန်ရှိ ပါကြောင်း” အဖွင့်နှုတ်ခွန်းဆက်အမှာစကားများပြောကြားသည်။ 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒန်နီယယ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အသီးသီးနှုတ်ခွန်းဆက်အမှာစကားများ ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌမန်းသိန်းကျော်က ကျေးဇူးတင်စကားများပြောကြားခဲ့သည်။

ဆက်လက်၍ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားပြုလုပ်ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများသယ်ဆောင်ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွားများအား စနစ်တကျခေါ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

28-Aug-2023