တိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ စျေးရောင်းစျေးဝယ်ပြုလုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့မဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ စျေးရောင်းစျေးဝယ်ပြုလုပ်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့မဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်းထားများကို ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်အသုံးမပြုရနေ့ သတ်မှတ်ထားရာမှ တိုးမြှင့်နိုင်ရေးနှင့် ပြည်သူများအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာ ဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့ပြီး စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးနှင့် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမာန်ကျောင်းတိုက်တို့သွားရောက်၍ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ e - ID ဆာဗာ အတွင်းရေးသွင်းဖြည့်သွင်းခြင်း၊ မွေးဖွား၊ သေဆုံးစာရင်များ ကောက်ယူခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ် ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ စာရင်းဇယားများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။