ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီမန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားကျင်းပ

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီ မန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ စိန့်ပီတယ်ဘုရားကျောင်းတော်ဝန်း ရင်ပြင်၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား အဖွင့်ဆုတောင်းမေတ္တာဖြင့် ဖွင့်လှစ်ခဲ့ပြီး မရမ်းချောင်းအဖွဲ့က အဖွင့်သီချင်းဖြင့် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဩဘာစာအား ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပိန္နဲချောင်းကျေးရွာမှ ပုသိမ်ကက်သလစ် ခရစ်ယာန် ဂိုဏ်းအုပ် သာသနာတော်ကြီး ၏ ဆရာတော်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဆရာတော်ကြီး “ဟန်နရီမန်းအိုင်ခလိန်”အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးသည် လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနှင့် ပြည့်စုံလှပနေသည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီး၏ ဘဝတစ်လျှောက်လုံးကိုလေ့လာသိရှိရသလောက်ဆိုလျှင် အင်မတန်ပင် သီးခံခြင်းပါရမီနှင့် ပြည့်ဝပြီးလူသားအားလုံးအပေါ် ဘာသာ လူမျိုး မခွဲခြားဘဲ မေတ္တာတရား ရှေ့ထားကာဘာသာ သာသနာရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါကြောင်း၊ အထူးသဖြင့် ကျွန်တော်တို့၏ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၀၀၈) ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့သည့်အချိန်တွင် ကရုဏာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး အနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရသည့်အတွက် ဆရာတော်ကြီးကို အထူးကျေးဇူးတင်ပြီး ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထပ်မံပြောကြားလိုပါကြောင်း၊ ယခုတဖန် ဘာသာ သာသနာအကျိုးနှင့် ဧရာဝတီတိုင်းဒေသကြီး တိုးတက်စေရန်အတွက် တတ်နိုင်သမျှ ကူညီပေးဖို့လည်း ပန်ကြားလိုပါကြောင်း၊ တိုင်းပြည်အတွင်း စုပေါင်းနေထိုင်ကြသည့် ပြည်သူ ပြည်သားများမှလည်း ကျရာကဏ္ဍကနေ နိုင်ငံ့သားကောင်း (Good Citizens) များအဖြစ် ပူးပေါင်းဆောင်ရွက်မှသာလျှင် ရေရှည်သာယာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ အမိတိုင်းပြည်ကို ချစ်မြတ်နိုးရန်၊ အချင်းချင်း လေးစားတန်ဖိုးထားရန်၊ တရားဥပဒေများကို လေးစားလိုက်နာရန်နှင့်ဘာသာတရားများ၏ အဆုံးအမများကို လိုက်နာကျင့်ဆောင်ရန်၊ ချစ်ခြင်းမေတ္တာနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပြောကြားပေးဖို့ မေတ္တာရပ်ခံ လိုပါကြောင်း၊ ပုသိမ်ကက်သလစ် ခရစ်ယာန်သာသနာတော်ကြီး၏ လိုအပ်ချက် အခက်အခဲများ ရှိပါကလည်း ခင်မင်ရင်းနှီးပွင့်လင်းစွာ ပြောကြားပေးရန်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သ၍ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ သာသနာ အကျိုးနှင့် တိုင်းဒေသကြီးအကျိုးအတွက် ကူညီကာဆောင်ရွက်ပေးခဲ့သည့် ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ၊ ခရစ်တော်ဘုရားရှင်ရဲ့ မေတ္တာတော် အစဉ်သွန်းလောင်းခံစား ရရှိပါစေ၊ လိုရာဆန္ဒများပြည့်စုံပါစေဟု” ဆုတောင်းဂုဏ်ပြုနှုတ်ဆက်စကားပြောကြားသည်။

ထို့နောက် ပိုးကရင်သီချင်းဖြင့် သီဆိုခဲ့ပြီး ဆရာတော်သစ်က နှုတ်ခွန်းဆက်စကာ ပြောကြားပြီး နောက် ဆရာတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာသူများက  လက်ဆောက်ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ စကောကရင်သီချင်း၊ ရဟန်းတော်များနှင့် သီလရှင်များ၏နှုတ်ဆက်သီချင်း၊ မာရီးယားတမန်တော်အသင်းသားများ၏ နှုတ်ဆက်သီချင်း၊ ရဟန်းတော်များအဖွဲ့သီချင်း၊ လူငယ်များသီချင်းများဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

25-Aug-2023