တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲတို့ကို တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲသို့ တက်ရောက်၍ “တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အနေဖြင့် ဆွေးနွေးပွဲပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသ အသီးသီးသို့ ပြန်လည်တာဝန် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆွေးပွဲကာလသည် ရက်တိုတောင်းသော်လည်း ဆရာ၊ ဆရာမများအတွက် အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် လိုအပ်သည့် သင်ကြား ဆွေးနွေးမှု များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျောင်းအလိုက် လိုအပ်သည်များကိုလည်း တင်ပြဆောင်ရွက်ရန် လည်း လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်း၊  ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား ပြန်လည်သင်ကြား ပေးခြင်း မျှဝေပေးခြင်းများဖြင့် သင်ကြားမှု၊ သင်ယူမှုများပိုမိုထိရောက်စေရေးဆောင်ရွက်ရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမများက ကြိုးပမ်း ဆောင်ရွက်ပေးကြရန်”အမှာစကားများပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင် ခရိုင်တို့မှ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆွေးနွေးပွဲပြီးမြောက် ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ပိုးကရင် တိုင်းရင်းသား၊ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများ၊ ရခိုင် တိုင်းရင်းသား၊ စကောကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရားတေးသီချင်းများဖြင့်သီဆိုကပြမှုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

25-Aug-2023