ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပုသိမ်တက္ကသိုလ်တို့ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း”အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်အားပေး

လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့်ဆွေးနွေးပြောဆိုမှုပြုတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုသိမ် တက္ကသိုလ်တို့ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” အခမ်းအနားကိုယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မကြာခဏ တွေ့ဆုံခဲ့ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာများတွင် လူငယ်စကားဝိုင်းများပြုလုပ် ပေးခြင်းအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေး ပွဲများ၊ စကားဝိုင်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့လေ့လာမှတ်သားထားသည်များ ပြန်လည် မျှဝေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးများ တိုးတက်လာကာ အခွင့်အလမ်းကောင်းများပိုမိုရရှိလာပြီး ပညာရဲရင့်ပွဲလယ်တင့်လာမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများသည် စာပေ၊ အားကစား အနုပညာ ဘာသာရပ်များများကို လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တစ်ချိန်တွင်နိုင်ငံ့တာဝန်များကို အရည်ချင်း ရှိရှိဖြင့်ထမ်းဆောင် မည့်သူများဖြစ်လာကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ (၃၄)ရာခိုင်နှုန်း နီးပါးသည် အသက်(၁၅)မှ(၃၅)နှစ်အတွင်းရှိသည့် လူငယ်များဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက် ရာတွင် ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်မည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမည့် မျိုးဆက်သစ် လူငယ်များအပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အခြေခံကျသည့်လိုအပ်ချက်ဖြစ်ပါကြောင်းနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား အားပေးဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ လူငယ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းကျော်လွှား၍ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာ မူဝါဒကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူငယ်စကားဝိုင်း များကို တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် သမိုင်းဌာန၊ ပါမောက္ခ ဒေါက်တာ ကျော်မင်းမှ ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ သတ္တဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား မောင်အာကာမြတ်မင်းဇင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒအထူးပြု ဒုတိယနှစ်ကျောင်းသူ မသင်းသီရိမြတ်သွယ်က လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်ဇင်လင်းထူးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသား မောင်မိုးယံထက်က  လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြရာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော သမိုင်းဌာန၊ ပါမောက္ခ နှင့်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များအားလည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများ အားလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။

ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်သည့် လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

24-Aug-2023