၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “  ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါတိုင်း တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံများပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်လည်း ခွန်အားဖြစ်စေရန်နှင့် မိမိတို့အသင်း၏ အခြေအနေများ တိုးတက်မှုကို သုံးသပ်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ခဲ့သည့်အပြင် ခြေစမ်းပွဲများပြုလုပ် နိုင်ခဲ့သဖြင့် ပြိုင်ပွဲ အတွေ့အကြုံများရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားနည်းများအား ပြန်ကြည့်မည်ဆိုပါက အမျိုးသမီးဘောလုံးအသင်းသည် အောင်မြင်မှုပိုမိုရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိအသင်း နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်လည်းလိုပါကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အချိတ်အဆက်မိမိယှဉ်ပြိုင်ရန်လိုအပ်သည့်အပြင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ မှာကြား ချက်များကိုလည်း နာယူမှတ်သား၍ ပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရှိရန် အင်တိုက်အားတိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အားပေးအမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း (၂၂) ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်းသိရသည်။

17-Aug-2023