တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)အား ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်း ကံ့တော်တန်းသီတန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး ပညာရေးကိုလိုလားသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများပညာသင်ယူမှုတွင်အဆင်ပြေလာမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာ နေရာများ တွင် ဆရာ/ ဆရာများ တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် ကူညီသင်ကြား ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြ သူများဖြစ်ကြပါကြောင်း၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီး များ ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင် ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် နာသုံးနာကိုအရင်းတည်၍ စာဖတ်နာသူများ၊ စံနမူနာပြများဖြစ်စေရေး ဆောင်ရွက်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများအား ပြုစုပျိုးထောင်ပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ် ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” အမှာစကားများပြောကြားပြီး ထောက်ပံ့ငွေ များပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးက ဆွေးနွေးပွဲ တက်ရောက်နေသော တိုင်းရင်းသာဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေး ပေးမည့် ဘာသာရပ်များအားတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအကဖြင့်ဖျော်ဖြေမှုနှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများနှင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ခဲ့ကာ နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရသည်။