တိုင်းဒေသကြီးဝန်ကြီးချုပ် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ (မြောင်းမြ)၌ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲ (၃/၂၀၂၃) အခမ်းအနားသို့တက်ရောက်၍ “ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ကျုံပျော်၊ မအူပင်ခရိုင်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်သည့်သင်တန်းသည် သုံးကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်ခရိုင်များတွင်ဆက်လက်ဖွင့်လှစ်သွားမှာဖြင်ပြီး ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များအသုံးပြုရာတွင်စက်မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသဖြင့် နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီ သင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ဧကအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် (၂)ရာခိုင်နှုန်းမှ(၄)ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် မိုးစပါးတစ်ဧက ၁၀တင်း အထွက်တိုးစေရေးရည်မှန်းချက်ထားဆောင်ရွက်နေသကဲ့သို့ ရိတ်သိမ်းခြွေ့လှေ့စက်မောင်းနှင်သူများက
ယခုသင်တန်းအား စနစ်တကျသင်ကြားတတ်မြောက်၍ ရိတ်သိမ်းခြွေလှေ့မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ဆင့်ပွားသင်တန်းများလည်း ပြန်လည်ပြုလုပ်စေခြင်းဖြင့် ကျွမ်းကျင်သည့်စက်မောင်းများ တစ်တိုင်းလုံးပျံ့နှံ့စေရေးဆက်လက်လုပ်ဆောင်ရန်လည်း လိုပါကြောင်း၊ စက်မောင်းကျွမ်းကျင်သူများအနေဖြင့်လည်း လေလွင့်ဆုံးမှုနည်းနိုင်သမျှနည်းပါးအောင် ရိတ်သိမ်းပေးကြစေလိုကြောင်းနှင့် အားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းသို့ သင်တန်းသား(၅၀)ဦးနှင့် စက်မှုလယ်ယာဦးစီးဌာနမှဆရာဖြစ်သင်တန်းသား (၆)ဦးဖြင့် စုစုပေါင်း သင်တန်းသား ၅၆ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ (၄)ပတ်ကြာ သင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကျောင်းရှိဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်နိုင်ငံတော်၏ အမျိုးသားေရးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပြီး စပါးစိုက်ဧကအများဆုံးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်ပြီးဆုံးပါက အလယ်အလတ်အဆင့် ပညာရှင်များ ဖြစ်လာမည်ဖြစ်ပါကြောင်နှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နေရာများ၌ မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား လက်တွေ့ ပြန်လည်အသုံးချရမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်း၊ ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်းဖွင့်လှစ်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များ ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်လည်းလိုပါကြောင်း၊ ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် တောင်သူများမှ အားကိုးအားထားရသူများဖြစ်ရေေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” အမှာစကားများပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ပထမနှစ် ဝင်ခွင့် လျှောက်လွှာ လျှောက်ထားလူမှု အခြေအေနေများနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံမြောင်းမြတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းသား သင်တန်းသူစုစုပေါင်း ၄၀၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးအောင်မျိုးသိုက်၏ လယ်မြေ(၄)ဧက၊ နယူးဧရာအထွက်တိုးမျိုးစပါးစိုက်ခင်းတွင် ပြုလုပ်သည့် ပေါင်းလိုက်၊ သမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါး ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါ၍ ပိုက်ဆံလျှော်မျိုးစေ့များအားကြိုတင်စုဆောင်းထားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။