တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက အခမ်းအနားအား“ဖူးပွင့်ဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း(၇) ထောင်ကျော်အားဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းကျော်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားများပညာသင်ယူမှုတွင် ပိုမိုအဆင်ေပြလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် လက်ဦးဆရာများဖြစ်ပြီး ဝါသနာ၊ စေတနာ၊ အနစ်နာများအရင်းတည်၍ သင်ကြားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ပညာတတ်ကြီးများဖြစ်လာရန် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍအား များစွာတန်ဖိုးထားပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်နှင့်ပြည့်စုံ စေရန် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊ မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမကြရမည့် သူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ကျရာကျောင်းများတွင်ကြုံတွေ့ရသည်များ ဆွေးနွေးတိုင်ပင်ကြ၍ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေး အလေးထားဆွေးနွေးပေးကြရန်နှင့် တိုင်းဒေသကြီး၏ ပညာရေးနှင့် တိုင်းရင်းသားများ၏ ပညာသင်ကြားနိုင်မှုများတိုးတက်ကောင်းမွန်စေရေး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” နှုတ်ဆက်အမှာစကားများပြောကြားပြီး အာဟာရပြည့်ကြက်ဥများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများစာရင်းအားတင်ပြခဲ့ပြီး ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ ( ၂၅၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။