တိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ တောင်သူဦးဝင်းတင်၏ မိုးနေကြာဆင်းရွှေကြာ(၂ )စိုက်ခင်းနှင့် နှမ်းစိုက်ခင်းစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျားပုံးများဖြင့်ပျားမွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ တောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စံပြစိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်စေရေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်တည်ငြိမ်အေးချမ်းရေးမှအစပြု၍ဘက်ပေါင်းစုံတွင်ကောင်းမွန်သည့်အခြေအနေအားဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီးတွင် ရေတော်မိုးတော်၊ သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ ထွန်းတုံးပိတ်သိမ်းပွဲများ ဆောင်ရွက်ခဲ့ပြီး ရေကြီးကွင်း၊ ရေနက်ကွင်း စိုက်ဧကများကိုလည်း မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်နှင့် ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက်ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လည်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံစေးရေး မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်အတွင်း မိုး နေကြာဧက(၆)ထောင် လျာထားဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် အထွတ်တိုးနေကြာမျိုးများအသုံးပြု၍ နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက်လည်း ကြိုးစားစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကိုလည်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ လူမှုရေး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဆီထွက်သီးနှံနေကြာအထွက်နှုန်း တိုးတက်စေရေးအောင်မြင်အောင် ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သီးထပ်စွမ်းအားများတိုးမြှင့်စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုး မြေများရာနှုန်းပြည့်စိုက်ပျိုးစေရန်ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုး၍ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး တောင်သူများထံသို့ ယူရီးဓာတ်မြေဩဇာအားလည်းကောင်း၊ နေကြာမျိုးစေ့အားလည်းကောင်း၊ ကော်ဖီပျိုးပင်များအားလည်းကောင်း၊ ပိုက်ဆံလျှော်မျိုးစေ့များအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာ ရှိ ဦးသန်းဇော်ပါ တောင်သူ၄ဦး ၏ မိုးနေကြာ ရေဆင်း-၁၊ (၃)ဧက စိုက်ခင်းဖြစ်ထွန်းအောင်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ ထွက်ရှိလာသည့်နေကြာစေ့များအားဆီကြိတ်ခွဲအသုံးပြုရန်၊ နေကြာစိုက်ပျိုးနိုင်သည့်နေရာများတွင် နေကြာတိုးချဲ့စိုက်ပျိုးကြရန်နှင့် တိုင်းဒေသကြီးအတွင်းဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး တောင်သူများထံ အထွက်တိုးနေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။