ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ တောင်သူ ဦးခင်မြင့်၏ လယ်မြေ(၁၂)ဧကတွင် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (Myanmar Paddy Producers Association) စပါးမျိုးသန့်စိုက်ခင်းတွင် ဆင်းသုခ (RS) မျိုးစပါး စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက မျိုးသန့်စိုက်ခင်း စိုက်ပျိုးမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုးမျိုးကောင်းမျိုးသန့်မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာအချိုးကျသုံးစွဲရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာ၊ တောင်သူ ဦးကျော်ဝင်း၏ လယ်မြေ (၁၀) ဧကတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုး တော် မြို့နယ်ထွန်းတုံးပိတ်ပွဲတက်ရောက်ခဲ့ပြီး ချမ်းမြေ့မေ မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ဓါတ်မြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိစေရေးဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျလိုက်ပါဆောင်ရွက်ကြသည်ကိုလည်းတွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်စေရေးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ကျုံပျော်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ မိုးစပါး ရေတော်မိုးတော် စိုက်ဧက နှစ်သိန်းငါးသောင်း ခြောက်ထောင်ကျော်၊ သဲဆန်ကုန်းချော စိုက်ဧက ခုနှစ်ရာကျော်တို့အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။