ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

အမှတ်ပေးဘောလုံးပြိုင်ပွဲမှတစ်ဆင့် သက်တမ်းအလိုက်၊ မြို့နယ်အဆင့်ခရိုင်အဆင့်၊ တိုင်း‌ဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ေကျာက်တိုင်အားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ 

Pathein League 2023 m ဖွင့်ပွဲအခမ်းအနားတွင် စစ်ကြောင်းမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အားအလေးပြုခြင်းနှင့်တန်းအပ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့ပုသိမ်မြို့အနေဖြင့် Pathein League 2023 အမှတ်ပေးပြိုင်ပွဲကို အသင်း၁၀သင်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ပေးကြသူများအားလုံးကို ဂုဏ်ယူချီးကျူးပါကြောင်း၊ Pathein League 2023 ပွဲစဉ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက်အားပေးချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ၊ ရန်ပုံငွေများပေးအပ်ခြင်းတို့အထိ ပူးပေါင်းဆောင်ရွက်ပေးသည်ကိုတွေ့ရှိရ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းဂုဏ်ယူပါကြောင်း၊ အပျော်တမ်းအမှတ်ပေး League ဖြစ်သော်လည်း ပြိုင်ပွဲဝင်အသင်းများတွင် အတွေ့အကြုံရှိ နိုင်ငံလက်ရွေးစင်အားကစားသမားများ ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး လက်ရွေးစင်အားကစားသမားများ၊ မြန်မာ နေရှင်နယ်လိဂ်မှအားကစားသမားများပါဝင်သည့်အတွက် အခြားလူငယ်အားကစားသမားများက အတုယူကြိုးစားနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နယ်ပယ်အသီးသီးရှိအားကစားကဏ္ဍအလိုက်အားပေးမြှင့်တင်လျက်ရှိရာ ယခုကဲ့သို့ အားကစားစိတ်ဓါတ်မြင့်မားသည့်Pathein League 2023 ပြိုင်ပွဲ ကျင်းပနိုင်ခြင်းဟာလည်းတိုင်းဒေသကြီး၏ဘောလုံးအားကစားကဏ္ဍမြင့်မားစေရေးအတွက်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အားကစားသမားများ၊ အသင်းတည်ထောင်သူများအနေဖြင့်လည်း မိမိတို့အသင်းအတွက် တန်ဖိုးရှိအားကစားဖြစ်စေရေး၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးနှင့်နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်စေရေး ကြိုးစားပါဝင်ဆင်နွှဲကြရန်  ”  တိုက်တွန်းမှာကြား၍ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်  Pathein League 2023 ပြိုင်ပွဲအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးတို့မှ ရန်ပုံငွေများနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ၄ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ်  Ranger FCအသင်းနှင့် KKL FC အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ Pathein League အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ အပျော်တမ်းအမှတ်ပေး League (၅) ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး 2021တွင် ပြိုင်ပွဲဝင်အသင်း(၆)သင်း၊ 2022တွင် ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ယခုနှစ် Pathein League 2023 တွင် ပြိုင်ပွဲဝင်အသင်း (၁၀)ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

05-Aug-2023