နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား ရည်စူး၍ ကျေးဇူးတော်ရှင်ဆရာတော်ကြီးများအား ဦးထိပ်ပန်ဆင်လျက်အကြိမ်(၂၀)မြောက် ဝါတွင်း(၃)လ ရက်ပေါင်း ၉ဝ နေ့/ည အသံမစဲအဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားတက်ရောက်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား ရည်စူး၍ကျေးဇူးတော်ရှင်ဆရာတော်ကြီးများအား ဦးထိပ်ပန်ဆင်လျက်အကြိမ် (၂၀) မြောက် ဝါတွင်း (၃)လ ရက်ပေါင်း (၉ဝ)၊ နေ့/ည အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော် ပရဝဏ်အတွင်း၌ ပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဝိနည်းဓိုရ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နန္ဒာလင်္ကာရဆရာတော်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များကငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်ဝိနည်းဓိုရ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နန္ဒာလင်္ကာရဆရာတော်နှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပင်မနယ်လှည့် သစ္စာအဓိဌာန် နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇက ပဌာန်းဒေသနာကျမ်းရွှေစာရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ဆရာတော်၊ သံဃာတော်များအား ရှင်းလင်းလျှောက်ထားခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဓဇက ရေစက်သွန်းချ အနုမောဒနာတရား ချီးမြှင့်ဟောကြားတော်မူပြီးနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဒေါ်ခင်စိန်၏ လယ်မြေ(၁)ဧက၌ ပြုလုပ်သည့် မျိုးစပါး ပေါင်းလိုက်၊ တမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲ တက်ရောက်ခဲ့ပြီး ပေါင်းလိုက်၊ တမန်းနှိုးခြင်း၊ ယူရီးယားနှင့် ဘိုင်ပိုစူပရင်းဇီဝမြေဩဇာ အချိုးကျပေါင်းစပ်၍ မြေဩဇာကြဲပတ်ခြင်းဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက မိုးစပါး ရေ၊ မြေ သဘာဝအလိုက် စိုက်ပျိုးပြီးစီးမှု၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တောင်သူများ၏ လယ်ဧကများ၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူကြီးများအနေဖြင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပြန်လည်ကောင်းမွန်မှုကို လက်တွေ့ကြုံတွေ့နေရပြီဖြစ်ပါကြောင်း၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာ၊ဓါတ်မြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် တစ်ဧက၁၀တင်းနှုန်းတိုးတက်ထွက်ရှိစေရေးဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း စနစ်တကျလိုက်ပါဆောင်ရွက်ကြသည်ကိုလည်းတွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်စေရေးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ တက်ရောက်၍ ပျိုးဗန်းဖြင့်ပျိုးထောင်ထားရှိသည့် ဆင်းသုခအထွက်တိုးမျိုးစပါးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုး၍ ထွန်တုံးပိတ်ပွဲကျင်းပမှုအားကြည့်ရှုအားပေးခဲ့သည်။ လပွတ္တာမြို့နယ်တွင် မိုးစပါး ရေတော်မိုးတော် စိုက်ဧက နှစ်သိန်းခြောက်သောင်းကိုးထောင်ကျော်နှင့် မိုးစပါးသဲဆန်ကုန်းချောစိုက်ဧက တစ်ထောင့်ကိုးရာကျော် အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။