ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး)တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုဖွင့်လှစ်သည့်သင်တန်းသည် တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပထမအကြိမ်ဖွင့်လှစ်ခဲ့သည့်သင်တန်းတွင်လည်း သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အုန်းစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးထားရှိပါကြောင်း၊ ပြည်တွင်း၌ အုန်းနှင့်ပတ်သက်သည့် လုပ်ငန်းများစွာ ရှိပါကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နိုင်ငံတကာအရည်အသွေးမီသည့် တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပါကြောင်း၊ အုန်းသီး နှင့်ဆက်စပ်၍ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ လက်မှုပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အုန်းစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကမ်းခြေဒေသများတွင် အတန်းလိုက် တစ်အုပ်တစ်မ စိုက်ပျိုးလျှက်ရှိပါကြောင်း၊ ယခုသင်တန်း တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူ များကလည်း သင်ကြားပို့ချမှုများကို စနစ်တကျ လိုက်နာမှတ်သား၍ အုန်းစိုက်ပျိုးခြင်းအား မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုး၍ ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးကြရန်လည်း လိုအပ်ပါကြောင်း၊ မြန့်မာ့အုန်းသီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများ၊ သင်တန်း သား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူ အုန်းသီးဖြင့် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။
အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်းဖြင့် ဒုတိယအကြိမ် အုန်းသီးထွက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းအား (၃.၈.၂၀၂၃)ရက်နေ့မှ (၅.၈.၂၀၂၃)ရက်နေ့အထိ ပုသိမ်မြို့တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၉)ဦးအား စာတွေ့၊ လက်တွေ့သရုပ်ပြ သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။