ပုသိမ်မြို့၌ စပါးခွံလောင်စာသုံးGasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲကျင်းပ
စပါးခွံလောင်စာသုံးGasifier လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ ဆိုင်ရာဆွေးနွေးပွဲအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် Gasifier ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ် များအနက် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချက်များအား ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး နွေစပါး၊ မိုးစပါးဧက(၅၂)သိန်း ကျော် စိုက်ပျိုးလျက်ရှိပြီး စပါးတင်းသိန်းပေါင်း(၄)ထောင်ကျော် နှင့် စပါးခွံ တန်(၁၉)သိန်းခန့် ထွက်ရှိပါကြောင်း၊ ယခင်က ရေနွေးငွေ့တာဘိုင်များ အသုံးပြုခဲ့ရာမှ ယခုအခါတွင် Gasifier များအား အစားထိုး အသုံးပြုလာခဲ့ပြီး Gasifier အသုံးပြု၍ လည်ပတ်သည့်ဆန်စက်ပေါင်း (၄၅၀)ကျော်ရှိရာ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု နည်းပါးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးခွံအသုံးပြု၍ လောင်စာတောင့် ထုတ်လုပ်သည့်စက်ရုံ (၅၀)ရုံ ရှိပါကြောင်းနှင့် ထင်း၊ မီးသွေး အစားထိုးသုံးစွဲမှုကြောင့် သစ်တောပြုန်းတီးမှုအား လျော့ကျ စေခဲ့ပါကြောင်း၊ Gasifier အသုံးပြုခြင်းကြောင့် လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေသကဲ့သို့ စက်ရုံများလည်ပတ်ရာတွင်လည်း အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ပညာရှင်များ အနေဖြင့်လည်း စစ်ဆေးတွေ့ရှိ ခဲ့သည့် အားသာချက်၊ အားနည်းချက်များကိုလည်း အကြုံပြုဆွေးနွေးပေးစေလိုကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက "ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ Gasifierအသုံးပြု ဆန်စက်များအား လေ့လာချက်များအရ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားသည်ကို တွေ့ရှိရ ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သော ပြည်သူလူထုဘဝ မြှင့်တင်ရေးအတွက် MSMEs လုပ်ငန်းများ မြှင့်တင်ရာ၌ လျှပ်စစ်လိုအပ်ချက်မှာ များပြားလာမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်း လေ့လာတွေ့ရှိချက်များအရ မိမိတို့ဒေသနှင့်ကိုက်ညီသည့် အကောင်းဆုံးစနစ်များကို ပြန်လည် ချပြ ပေးသွားမည်ဖြစ်ပါကြောင်း၊ Gasifierမှ ထွက်ရှိလာသည့် ရေဆိုးများအား ပြန်လည် ပြုပြင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါ ကြောင်း၊ စက်ရုံများသန့်ရှင်းရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များ၊ ကျောင်းများအနေဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် မိမိသုတေသနလုပ်မည့်နယ်ပယ်နှင့် အံဝင်ဂွင်ကျဖြစ်အောင် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုပါကြောင်း၊ Gasifier အား မည်သို့တိုးတက် အောင် ဆောင်ရွက်ရမည်ကို သုတေသနပြုရာ၌လည်း သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက် စေရေး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း" ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက" Gasifier နှင့်ပတ်သက်ပြီး Operation နှင့် Design ၊ Waste Management နှင့်ပတ်သက်သည့် ဆောင်ရွက်ပုံနည်းလမ်း၊ Waste များနှင့် ပတ်သက်၍ ပြန်လည်အသုံးပြုပုံ၊ စွန့်ပစ်ပစ္စည်းများ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း စသည့် အပိုင်း(၄)ပိုင်းဖြင့် ရှင်းလင်းတင်ပြခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကုန်ကြမ်းနှင့် ပတ်သက်ပြီး အခက်အခဲမရှိသည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း Gasifier (၈)လုံးခန့်ကို လေ့လာခဲ့ပါကြောင်း၊ Design နှင့်ပတ်သက်ပြီး အားနည်းချက်၊ အားသာချက် များကို ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် Gasifier လက်စွဲစာအုပ် ထုတ်ထားပါကြောင်း၊ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသင်းနှင့် ပူးပေါင်း၍ လပွတ္တာမြို့နယ်တွင် 160 KW/ 50KW လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို ဆန်းစစ် ထားသော Report များရှိပါကြောင်း၊ Waste များကို ပြန်လည်အသုံးပြုမှုနှင့်ပတ်သက်ပြီး စပါးခွံ၊ ဖွဲပြာများကို လမ်းခင်းရာတွင်အသုံးပြုနိုင်ကြောင်း၊ အက်စစ်ဓာတ်များသည့် မြေကြီးများတွင် မြေဩဇာအဖြစ် အသုံးပြုနိုင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ စပါးခွံ မြေဩဇာ အသုံးပြုမှုသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အမျိုးသားစွန့်ပစ်အရည်အသွေး ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ရန် BOD, COD, Oil and Grease, pH အပါအဝင် Parameter စုစုပေါင်း (၁၅)မျိုးစစ်ရန် နမူနာများ ယူသွားပါကြောင်း၊ SOP ထွက်ရှိနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း" ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က "ဇီဝနည်းပညာသုတေသနဦးစီးဌာနသည် သက်ရှိဆဲလ်များအား ကိုင်တွယ်၍ သိပ္ပံနည်းကျ ဓာတ်ခွဲလေ့လာဆန်းစစ်သည့် ဌာနဖြစ်ပါကြောင်း၊ အဓိကအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် နည်းပညာသင်တန်းများ ပို့ချပေးလျက်ရှိ ပါကြောင်း၊ အပင်တစ်ရှူးမျိုးပွားသင်တန်းတွင် အဏုဇီဝပိုး၊ ဘတ်တီးရီးယား၊ မှိုများကို အသုံးပြု၍ ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းမွန်စွာ အသုံးချနေပါကြောင်း၊ Waste Water Treatment မပေးထားသော Planများရှိကြောင်း၊ ၎င်းတို့အား နမူနာကောက်ယူထားရှိပါကြောင်း၊ Treatment ပေးထားသော စက်ရုံများကိုလည်း မပေးခင်အခြေအနေနှင့် ပေးပြီးအခြေအနေ တို့အား စစ်တမ်းကောက်ယူ၍ ၎င်းမှထွက်ရှိလာသော စစ်တမ်းအဖြေကို ကြည့်ပြီးမှသာ သုံးသပ်ချက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခင်လေ့လာခဲ့သော ဆိုးဆေးစက်ရုံတွင် Waste Water Treatment လုပ်သောအခါ လေပေးစနစ် ပါဝင်ပါကြောင်း၊ ကန်ရေနှင့် အဆင့်ဆင့်စစ်ရ ပါကြောင်း၊ လေပေးသည့် နေရာတွင် နွားချေးထည့်ပြီး ၎င်းမှ ဘက်တီးရီးယားပေါက်ဖွားမည် ဖြစ်ပါကြောင်း၊ ၎င်းစက်ရုံမှ ထွက်ရှိလာသည့် ရေဆိုးကို ဗေဒါကန်ထဲ စွန့်ထုတ်ကြောင်း၊ ၎င်းရေထဲတွင် လူကိုရောဂါဖြစ်စေနိုင်သည့် ပိုးများပါဝင်နိုင်ကြောင်း၊ စွန့်ထုတ်သည့် (Sludge)အဖတ်များကို စွန့်ပစ်ကန်မှ ဗေဒါနှင့်ပေါင်းစပ်ပြီး မြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ထိုအချက်နှင့်ပတ်သက်၍ Reportများရှိပါကြောင်း၊ Gasifierများမှ ထွက်ရှိလာသော ဖွဲပြာနှင့် ပတ်သက်၍ Referenceအရ Silicaပါဝင်မှု ၆၀%မှ ၈၀%ထိရှိသည့်အတွက် ၎င်းကိုအသုံးပြုလျင် အပင်၏ပင်စည် တုတ်ခိုင်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Silicaပါဝင်သည့် ဖွဲပြာနှင့်ဗေဒါကို ပေါင်းစပ်ပြီး သဘာဝမြေဩဇာပြုလုပ်နိုင်ကြောင်း၊ အပင်အတွက်အကျိုးပြု N,P,K ထုတ်လုပ် ပေးသည့် ဘတ်တီးရီးယားများဖြင့် ပေါင်းစပ်ပါက သဘာဝဇီဝမြေဩဇာပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ Waste Water Treatmentပြုလုပ်သည့်အခါ အဏုဇီဝမှိုတစ်မျိုးမျိုးကို ထည့်သွင်းပေါင်းစပ်၍ ဖျက်ဆီးဖြိုခွဲခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကောက်ယူ ထားရှိသော Data Sampleများ၏ အခြေအနေကို ညွှန်ကြားချက်နှင့်အညီဆောင်ရွက်ပြီး ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း" ဆွေးနွေးပြောကြားခဲ့ပါသည်။ ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။