ဧရာဝတီတိုင်း​ဒေသကြီးမီးသတ်ဦးစီးဌာန၊ စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းဆင်း သရုပ်ပြပွဲအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မြစ်ချောင်းများပေါများ‌သောကြောင့် ​ဘေးအန္တရာယ်များ ဖြစ်​ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တိုင်း​ဒေသကြီး မီးသတ်ဦးစီးဌာနက စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းဆင်း သရုပ်ပြပွဲအခမ်းအနားအား ယ​နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်​ရေကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်း သရုပ်ပြပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အထင်အရှား တွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ဖြင်းဖြစ်ပါ​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဟာ မြစ်၊ချောင်း၊ အင်း၊ အိုင်များ ပေါများပြီး ပင်လယ်နှင့် ထိစပ်လျက်ရှိသည့်အတွက် နှစ်စဉ် ရေဘေးအန္တရာယ် အပါအဝင် မုန်တိုင်းဘေးအန္တရာယ် တို့ကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ​ဘေးန္တရာယ်များဖြစ်ပွားလာပါက တပ်မ​တော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ​ဒေသခံများနှင့်ပူး​ပေါင်း၍ ရှာ​ဖွေကယ်ဆယ်​ရေးနှင့် လုံခြုံ​ရေးလုပ်ငန်းများအား အချိန်နှင့်တ​ပြေးညီ ​ဆောင်ရွက်​ပေးလျှက်ရှိပါ​ကြောင်း၊ မိုခါမုန်တိုင်း​ဝင်​ရောက်ခဲ့သည့် ကာလအတွင်း တိုင်း​ဒေသကြီးတွင် ကြိုတင်ပြင်ဆင်မှုများ၊ စနစ်တကျ​ရွှေ့​ပြောင်းမှုများ၊ ရှာ​ဖွေကယ်ဆယ်​ရေးဇာတ်တိုက်​လေ့ကျင့်မှုများ​ဆောင်ရွက်ခဲ့ပါ​ကြောင်း၊ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ မီးသတ်တပ်ဖွဲ့ဝင် (၁၁၆)ဦးအား (၁၆.၅.၂၀၂၃)ရက်နေ့မှ ယ​နေ့အချိန်ထိ သွား​ရောက် တာဝန်ထမ်း​ဆောင်လျက်ရှိပါကြောင်း၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် အန္တရာယ်များ မကျရောက်မီကပင် ကြိုတင်လေ့ကျင့်ရေးလုပ်ငန်းများ​ဆောင်ရွက်ထားရပါ​ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့်အခါ ထိခိုက်မှုအန္တရာယ်နဲ့ အသက်ဘေးအန္တရာယ်မကြုံတွေ့စေရန်ကျွမ်းကျင်မှု ကြံ့ခိုင်မှုများကို အပြည့်အဝအသုံးချပြီး  အောင်မြင်​အောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးချင်း စွမ်း​ဆောင်ရည်မြင့်မား​အောင် ကြိုးပမ်း​နေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်​နေခြင်းဖြစ်ပါ​ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအ​နေဖြင့် ရှာ​ဖွေကယ်ဆယ်​ရေးနှင့်မီးငြှိမ်းသတ်​ရေး ဇာတ်တိုက်​လေ့ကျင့်မှုများအား အချိန်အခါ​အ​လှောက် စဥ်ဆက်မပြတ် ​လေ့ကျင့်သွားကြရန်”အမှာစကားပြောကြားသည်။

ဆက်လက်၍ သရုပ်ပြအဖွဲ့မှ စွမ်းရည်များ သရုပ်ပြသခွင့် တောင်းခံပြီး ကမ်းစပ်တွင် ဆက်သုံးဆီအတင်၊ အချပြုလုပ်နေသည့် စက်လှေမီးလောင်မှုဖြစ်စဉ်တွင်  Fire Boat ၊ Assault Boat ၊ Fiber Boatများ အသုံးပြု၍ ငြိမ်းသတ်ရေး ဆောင်ရွက်မှုသရုပ်ပြသခြင်း၊ Fire Boat ၊Assault Boat ၊ Fiber Boat များဖြင့် ရင်ဘောင်တန်းတန်း စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း၊ ရှေ့/နောက် စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း၊ လေးကိုင်းပုံသဏ္ဌာန် စီတန်းသရုပ်ပြသခဲ့ပြီး စက်လှေများဖြင့် မြှားဦးပုံသဏ္ဌာန် ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ထွက်ခွာခဲ့ကြသည်။

ထို့​​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်​ငွေများပေးအပ်ခဲပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကန်သုံးဆင့်​ရေကန်အတွင်းရှိ ​​ဘေးမဲ့ငါးများအား ငါးစာများ​ကျွေး​မွေးခဲ့ပါသည်။စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းအား ယခုလ ၁၇ ရက်နေ့မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာဖွင့်လှစ်ခဲ့ကာ အရာရှိနှင့် အခြားအဆင့် သင်တန်းသား (၅၀)ဦးအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြောင်းမြမြို့နယ်၊ မွေတော်ရှမ်းစုကျေးရွာအုပ်စု၊ အုန်းပင်စု​ကျေးရွာရှိ တောင်သူ ဦးတင်​​ဖေ၏ လယ်​မြေ(၄၇)ဧက၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း(မြောင်းမြ)တို့ ပူးပေါင်းပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် နယူးဧရာ-၁၊ ချမ်း​မြေ့​မေ၊ GW-11၊ De You-8၊ ဆာဖိုးသာ စပါးမျိုးများအား ​​ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် RS to CS ​ပေါ်ဆန်းစပါး မျိုးစေ့ထုတ်စိုက်ခင်း အား လူအားဖြင့် ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအားလည်းကောင်း၊ ​မြောင်းမြမြို့နယ်၊ သပြေချောင်းကျေးရွာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ချမ်းမြေ့ဇေယျာစိုက်ပျိုးရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး ဧက(၅၀၀)အဆင့်မြင့် လယ်ယာမြေစိုက်ခင်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး ​တောင်သူအထူးပညာ​ပေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦး​ကျော်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများ အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုအ​ခြေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က"သီးထပ် စွမ်းအား တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းစိုက်ပျိုးရန်၊ သဘာဝ​မြေသြဇာနှင့် ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်နှင့် တစ်ဧကအတွက်နှုန်းတိုးတက်​​ထွက်ရှိအောင် ကြိုးပမ်း​ဆောင်ရွက်ကြရန်" မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊နောက်မီးကျေးရွာအုပ်စု၊ အလံတိုင်​ကျေးရွာရှိ ဦးဖြိုးဝေကျော်၏ သဘာဝ​အတိုင်း​မွေးမြူသည့် ​ရေငန် ငါး၊ ပုစွန် ​မွေးမြူ​ရေးကန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဖမ်းယူရရှိမှုအခြေအနေများ၊ ဈေးကွက်အတွင်း တင်ပို့ရောင်း ချမှုအခြေအနေများ၊ နှစ်အလိုက်အမြတ်အစွန်းရရှိမှုများကို မေးမြန်းခဲ့ရာ ဦးဖြိုးဝေကျော်က သိရှိသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလံတိုင်​​ကျေးရွာရှိ ဦးသိန်းလှိုင်၏ ငါး၊ ပုစွန် ​ရောင်းဝယ်​ရေးဒိုင်သို့​ရောက်ရှိ၍ ​ငါး၊ ပုစွန်​ကောက်ယူရရှိမှုအ​ခြေအ​နေများ၊ စျေးကွက်သို့တင်ပို့​ရောင်းချမှုအ​ခြေအ​နေများအား ​မေးမြန်းခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်းရှိ ဝါးချောင်းရေတံခါးသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက ဧရာအားမာန်သမဝါယမစိုက်ကွင်းသို့ ရေချိုရရှိရေးဆောင်ရွက်မည့်အစီအစဉ်များ၊ သပြေကန်သိမ်ကုန်းဧရိယာနှင့် ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်ရေချိုပေးဝေနိုင်မည့်အခြေအနေများ၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်း​​ဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

28-Jul-2023