ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေး အလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ အသင်းအုပ်ချုပ် နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစား သမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကာယဗလ နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင် မည့်အားကစားသမားများအနေဖြင့် ပြိုင်ပွဲဝင် အတွေ့အကြုံရှိသည့်သူများလည်းပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခင်နှစ်ပြိုင်ပွဲများတွင် ဆုတံဆိပ်အသီးသီးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အတွေ့အကြုံရှိ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိမည်ဟုယုံကြည်ပါကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေမည့်အနေအထိုင်၊ အစားအသောက်များကို ဂရုစိုက်ရှောင်ကြဉ်ရန် လည်းလိုပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ရမည့်နေရာများကိုလည်း သတ်မှတ်အချိန်မီအောင်ရောက်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကိုသွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၊ နည်းပြများနှင့် အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုများရရှိအောင် ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်၍ ရွှေတံဆိပ်ဆုများ ရရှိအောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း” အမှာစကားပြောကြားပြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင်ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြပွဲအခမ်းအနားအား ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လက်ရွေးစင်သရုပ်ပြအားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်အားကစား သမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် အသက်(၂၁)နှစ်အောက် ပြိုင်ပွဲဝင်၊ (၆၀)ကီလိုတန်းပြိုင်ပွဲဝင်၊ (၆၅)ကီလိုတန်းပြိုင်ပွဲဝင်၊ (၇၀)ကီလိုတန်းပြိုင်ပွဲဝင်၊ (၇၅)ကီလိုတန်း ပြိုင်ပွဲဝင်များနှင့် (၇၅)ကီလိုတန်းအထက်ပြိုင်ပွဲဝင်အားကစားသမားများက စိတ်ကြိုက် ကိုယ်ဟန်သရုပ်ပြသခြင်းများပြသပြီးနောက် ကာယဗလပြိုင်ပွဲဝင်များကသတ်မှတ် ကိုယ်ဟန်(၇)မျိုးအား ဆက်လက်စုပေါင်းသရုပ်ပြသကြသည်။ ယင်းနောက် တစ်ဦးချင်းသရုပ်ပြသမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။\