ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျိုက်လတ်မြို့နယ်အတွင်းရှိ မျိုးမြတ်မွန် ဆန်စက်နှင့်စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ညနေပိုင်းက ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မျိုးမြတ်မွန်ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျိုက်လတ်မြို့၊ မျိုးမြတ်မွန် ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှုအခြေအနေများ၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှု၊ စျေးကွက်သို့တင်ပို့ရောင်းချမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအညီ လည်ပတ်မောင်းနှင်ရန်၊ တိုင်းဒေသကြီးအတွင်းရှိ စပါးခွံလောင်စာသုံး Gasifier စက်ရုံများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြုပြင် ဆောင်ရွက်ရန် အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိမရှိ ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းတိုးတက်မှုများအား ပြန်လည်တင်ပြရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေးနှင့် စွန့်ပစ် ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်တာဝန်ရှိသူများက စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စုစုပေါင်း ဓါတ်အား ၄၂ မဂ္ဂါဝပ်ထွက်ရှိလာပါက လုပ်ငန်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဇီဝလောင်စာသုံး Boiler နှင့် Turbine စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဇီဝလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် စက်ပစ္စည်းများ ရောက်ရှိလာမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှုများ၊ အအေးခန်း စက်ရုံနှင့် သိုလှောင်ရုံများ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အအေးပေးသည့်စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့်အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် အအေးပေးစက်များတပ်ဆင်နေမှု၊ ငါးများကိုအသားလွှာ၍ အေးခဲခြင်းပြုလုပ်ရာတွင် အသုံးပြုမည့် စက်ပစ္စည်းအချို့ကို စမ်းသပ်ရန်လုပ်ဆောင်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက် ဥက္ကဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက Gasifierများ တပ်ဆင်နေမှုနှင့် Gasifier အဆောက်အဦ တည်ဆောက်နေမှုအားလည်းကောင်း၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်း များမှ ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူရေး နည်းလမ်းများထက် စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူ ရေးနည်းလမ်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်း မှာကြားခဲ့ပါသည်။