ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းရှိတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိတောင်သူဦးဝင်းဗိုလ် ၏ လယ်မြေ(၁)ဧကတွင် သဘာဝမြေဩဇာ စမ်းသပ်ထည့်သွင်းသုံးစွဲထားသည့် နယူးဧရာ(၁)မျိုးစပါး ဘောင်စနစ်ဖြင့်ပျိုးထောင်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝမြေဩဇာအသုံးပြု၍ မျိုးစေ့ရေစိမ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် မြေဩဇာ ဖြန်းပတ်ခြင်း အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် စတင်စိုက်ပျိုးချိန်မှစ၍ စနစ်တကျမှတ်တမ်းများ ထားရှိဆောင်ရွက်ရန်၊ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့်ရရှိလာသည့် အကျိုးရလဒ်များအား မှတ်တမ်းထားရှိရန်မှာကြားခဲ့သည်။
ယင်းနောက် ကျွန်းကုန်းကျေးရွာချမ်းမြေ့ဆန်စက်တွင် တောင်သူများနှင့်တွေ့ဆုံ၍ “တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာပိုက်ဆံလျော်ထည့်သွင်း စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်မိုးစပါး စိုက်ရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုး သွားမည်ဖြစ်ပါကြောင်းနှင့်တောင်သူများအနေဖြင့်လည်း အထွက်နှုန်းများတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာရှိ “မိသားစု”ဥစားကြက်မွေးမြူရေးကြက်ခြံသို့ သွားရောက်၍ ကြက်ချေး၊ ဝက်ချေးများဖြင့် သဘာဝမြေဩဇာထုတ်လုပ်မည့် ရုရှားဖတ်ဒရေးရှင်းနိုင်ငံ၊ ရောစ့်ကွန်ဂရက်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး Mobile သဘာဝမြေဩဇာစက်ရုံတည်ဆောက် ရေးအတွက် ကွင်းဆင်းလေ့လာမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများနှင့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေးအခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မြေဆီလွှာကောင်းမွန်စေရေးဆောင်ရွက်နေမှု၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ရေး နှင့် သဘာဝမြေဩဇာများပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေးဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဒေသသုတေသန ဗဟိုဌာန (မြောင်းမြ) တာဝန်ခံနှင့် ဝန်ထမ်းများအားတွေ့ဆုံခဲ့ရာ ရှေးဦးစွာတာဝန်ခံက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ခဲ့သည့် သုတေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သုတေသန၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“သုတေသနပြုလုပ်ငန်း များအားဆက်လက်ဆောင်ရွက်သွားရန် ဧရာဝတီပေါ်ဆန်းမူလအရည်အသွေးပြန်လည်ရရှိစေရေး သုတေသနပြုဆောင်ရွက်ရန်နှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့်ရနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်နှင့်နွားချေးရောစပ်သုံးစွဲခြင်းဖြင့်ရနိုင်သည့်အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်၊ နွားချေးနှင့်အခြားသဘာ၀မြေသြဇာများပေါင်းစပ်သုံးစွဲခြင်းဖြင့် ရနိုင်သည့်အကျိုးကျေးဇူးတို့အားသုတေသနပြုလုပ်သွားရန်”ပြောကြားခဲ့ပြီး မျိုးကူးစပ် အဆောက်အဦရှိ အင်းမရဲဘော်နှင့် ပေါ်ဆန်းမျိုးပျိုးထောင်ရန်ဆောင်ရွက်နေမှုနှင့် မျိုးစေ့များပြသထားရှိမှုနှင့် ချဉ်ပေါင်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်းစိုက်ခင်းနှင့် သီးလုံးပုဂုန်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်း စိုက်ခင်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ(၈)ဧကတွင် ဆင်းသုခမျိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက(၁၀)တင်းနှုန်းပိုမိုအထွက်တိုးစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။