ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၆၂) ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ (၆၂)ကြိမ်မြောက်ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပညာနှီးနွယ်တက္ကသိုလ်သင်တန်းကျောင်းများမှ နိုင်ငံတော်၏ပံ့ပိုးမှုနှင့် ပညာသင်ကြားပို့ချခြင်းများဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ မှလည်း အကူသူနာပြုသင်တန်းများ ကျွမ်းကျင်ဝန်ထမ်းသင်တန်းများပို့ချလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ပုသိမ်ပြည်သူ့ဆေးရုံ(၉)ထပ်တိုးချဲ့ဆောင်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ရုပ်ပိုင်းဆိုင်ရာသာမက ကုသရေးလုပ်ငန်းများပါ ထိထိမိမိဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများကိုလည်း အခက်အခဲ မရှိအဆင်ပြေစွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ဆေးရုံများသည်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ထို့အတူ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြားအရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများပါရှိသောကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ဓာတ်ခွဲဝန်ထမ်းများသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင် နေသောကြောင့် အရည်အချင်းပြည့်ဝသော ဓာတ်ခွဲဝန်ထမ်းများအား နိုင်ငံတော်မှနှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲပညာရပ်သည် လူနာများ၏ရောဂါကုသမှု စတင်ရန်အတွက် ရောဂါရှာဖွေပေးခြင်း၊ ကုသမှုပေးရာတွင်လည်းရောဂါသက်သာမှု ရှိ/မရှိ စစ်ဆေးပေးနိုင်ခြင်း ရောဂါပြင်းထန်မှုအခြေအနေကို ခန့်မှန်းပေးနိုင်ခြင်းစသည့် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဓာတ်ခွဲခန်းမှထုတ်ပေးသော အဖြေများပေါ်မူတည်၍ကုသမှုများ ပေးရခြင်းကြောင့် စမ်းသပ်စစ်ဆေးမှုအဖြေများမှန်ကန်ရန်လိုအပ်သဖြင့် သင်ကြားပေးသော ဘာသာရပ်များကို သေချာ လေ့လာသင်ယူရမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဓါတ်ခွဲပညာရပ်များဆိုင်ရာ လုပ်ငန်းအပေါ်တွင် အဆင့်မြင့်အောင်ကြိုးပမ်း၍ အရည်အသွေးပညာဗဟုသုတ များကိုလည်း တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် သင်တန်းပြီးမြောက်ပါက နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် ပြန်လည်အကျိုးပြု၍ နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်တင်းလုပ်ကိုင်နိုင်မည်ဖြစ်သော ကြောင့် သင်တန်းကာလတစ်လျောက် ပို့ချသောပညာရပ်များအားကြိုးစားသင်ယူ သွားရန်” တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းသား/ သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) သင်တန်းသည် (၈)လကြာသင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၇)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။