ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအား ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ကျုံပျော်ခရိုင်အသင်းက ပုသိမ်ခရိုင်အသင်းအား တစ်ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။