ချောင်းသာကမ်းခြေ၌ပြုလုပ်သည့် အုန်းပင်စိုက်ပျိုးပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်းများကြောင့် မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၏ အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာကမ်းခြေ၌ အုန်းပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်အတူ အုန်းပင်(၁၃၀)အား တက်ရောက်စိုက်ပျိုးပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရွှေသောင်ယံမြို့၌ ပြုလုပ်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်အား တက်ရောက်၍ ဗြူးအုပ်ဆောင်း ၂၀၀၊ မဓမ ၁၀၀၊ ဗြူးခြေထောက်အဖို ၃၀၀၊ ဗြူးခြေထောက်အမ ၃၀၀ စုစုပေါင်း ဒီရေ တော အပင်၉၀၀နှင့် အုန်းပင်၅၀တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါးစိုက်ပျိုးပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းသာမြို့ရှိ ဦးအောင်ရွှေ၏ ဇီဝစိုးငှက်သိုက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံမှ ဇီဝစိုးငှက်ဝင် ရောက်မှု၊ ငှက်သိုက်ရရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများပိုမိုတိုးတက်လုပ်ကိုင်နိုင်စေရေးမှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါဇီဝစိုးငှက်သိုက်လုပ်ငန်းတွင် ဇီဝစိုးငှက်အကောင်ရေ ၅၀၀ကျော် ဝင်ရောက်နေကြောင်းသိရသည်။