ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့ သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့သည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံလည်ပတ်မှု၊ ဓာတ်ဩဇာထုတ်လုပ်မှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်ရုံလည်ပတ် ဓါတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တွင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် စက်ရုံဝန်းအတွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်၍ ဓါတ်မြေဩဇာလိုအပ်ချက်များများပြားပါကြောင်း၊ Annual Shutdown ကာလအတွင်း စက်ပြင်ဆင်ခြင်းလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် ဓါတ်မြေဩဇာစတင်ထုတ်လုပ်နိုင်ပြီဖြစ်၍ လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်အမီ တောင်သူများ၏ ဓါတ်မြေဩဇာလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် စက်ရုံမှူးနှင့်ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံလည်ပတ်နေမှု၊ ဓါတ်မြေဩဇာ ထုတ်လုပ်မှုနှင့် Central Control Room မှ စက်ရုံလည်ပတ်နေမှုထိန်းချုပ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

12-Jul-2023