၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူများမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဗိုဗီနမ်အားကစားအနေဖြင့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများမှ နည်းပြအဖြစ်ပြုလုပ်ပေးနေ၍ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖူဆယ်အားကစားအနေဖြင့်လည်း ၂၀၁၇-၂၀၁၈ခုနှစ်တွင် အမျိုးသမီးအသင်းသည် ငွေတံဆိပ်ဆုရရှိခဲ့၍ ယခုနှစ်တွင်ပိုမိုအောင်မြင်အောင်ကြိုးစားကြစေလိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝစွာဖြင့် နည်းစနစ်တကျလေ့ကျင့်ကြရန်လိုပါကြောင်း၊ အားကစားသမားများသည် ပြိုင်ပွဲ ယှဉ်ပြိုင်ကြသည့်အခါ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်နှင့် မလျှော့သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ အနေဖြင့်လည်း လေ့ကျင့်မှုမပျက်စေရေး၊ နည်းစနစ်မှန်မှန် လေ့ကျင့်ကြစေရေးနှင့် စနစ်တကျစီမံဆောင်ရွက်ရန်လိုပါကြောင်း၊ ပြိုင်ပွဲများကိုသွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုများရရှိစေရေး ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားရန်နှင့် အောင်မြင်မှု သရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဗိုဗီနမ်နှင့် ဖူဆယ်အသင်းတို့မှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဗိုဗီနမ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား (၂၄)ဦး၊ ဖူဆယ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား(၃၂) ဦးတို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။